(ဃ)- အစိုးရဝန်ထမ်းများ၏ လက်ရှိ ရင်ဆိုင်နေရ သော စီးပွားရေး ကျပ်တည်းမှုကို စာနာထောက် ထားသော အားဖြင့် လစာတိုးပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-05-25

မေးခွန်း အကြောင်းအရာ 

u mg myintဝန်ထမ်းတွေ၏ လစာနှုန်းထား၊ ယာယီရှားပါးစရိတ်နှင့် အပိုထောက်ပံ့ကြေး ပေးမည့်သူကို ၁၉၈၇ ခုနှစ် န.ဝ.တ ခေတ် သမ္မတကြီး ဦးသိန်းစိန်၏ ဒီမိုကရေစီအစိုးရ လက်ထက်ထိ စုစုပေါင်း ကိုးကြိမ် ဆောင်ရွက်ပေးခဲ့ခြင်းကို လေ့လာတွေ့ ရှိရပါကြောင်း၊ န.ဝ.တ၊ န.ရ.တ ခေတ် ၂၂ နှစ် ကာလအတွင်း လစာတိုးခြင်းကို ငါးကြိမ် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဦးသိန်းစိန်၏ ဒီမိုကရေစီအစိုးရ လက်ထက်တွင် လေးကြိမ်ဆောင်ရွက်ပေးခဲ့ ပါကြောင်း၊ ၎င်းတို့မှာ ၂၀၁၂ ခုနှစ်က ဝန်ထမ်းတိုင်းကို အပိုထောက်ပံ့ကြေး ၃၀၀၀၀၊ ၂၀၁၃ ခုနှစ်တွင် လစာနှုန်းထား ၃၅၀၀၀-၁၀၀၀-၄၀၀၀၀ မှ ၅၅၀၀၀-၁၀၀၀-၆၀၀၀၀ အထိ တိုးပေးခဲ့ပါကြောင်း၊ ကျန်အဆင့်များကိုလည်း အချိုးကျတိုးပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် စာရေးဝန်ထမ်းအဆင့်ကို လစာနှုန်း ၇၅၀၀၀-၁၀၀၀-၈၀၀၀၀၊ ၂၀၁၅ ခုနှစ်တွင် စာရေးဝန်ထမ်း အဆင့်ကို ၁၂၀၀၀၀-၂၀၀၀-၁၃၀၀၀၀ အထိ တိုးပေးခဲ့ပါကြောင်း၊ နေ့စားခလည်း တစ်ရက်ကို ၃၆၀၀ အထိ တိုးမြှင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဦးသိန်းစိန်၊ အစိုးရလက်ထက် ငါးနှစ် အုပ်ချုပ်ရာတွင်  လစာများတိုးမြင့်လာအောင် လွှတ်တော်၏ ဆွေးနွေးမှုများ၊ ဆုံးဖြတ်မှုများ၊ တိုက်တွန်းမှုများကိုလည်း မိမိတို့ လေ့လာတွေ့ရှိရပါကြောင်း၊ လက်ရှိသမ္မတကြီး အစိုးရ လက်ထက်တွင် Inflection တက်ခြင်း၊ ကုန်ဈေးနှုန်းလည်း တက်ခြင်း၊ အခြေခံစားကုန်ဖြစ်သည့် ဆန်ဈေး၊ ဆီဈေးများလည်းတက်ခြင်း၊ ရန်ကုန်မြို့တွင်လည်း YBS ကားစီးရသည့် ဝန်ထမ်းများက ယခင်ထက်နှစ်ဆ အချိန်ပိုကုန်သည့်အပြင် ငွေလည်းနှစ်ဆ ပိုကုန်လာပါကြောင်း၊ ယခင် အစိုးရကာလမှစ၍ Corruption ကို တိုက်ဖျက်နေခြင်းကို မိမိတို့ကလည်း အားပေးပါကြောင်း။ သို့မှသာ Clean Government ဖြစ်လာမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများက အောက်ဆိုဒ်မရသည့်အပြင် လစာလည်းမတိုး၊ Living Cost နှင့် Inflection တို့ တက်နေသည့်အတွက် ရသည့်လစာနှင့် မလုံလောက်သဖြင့် ငွေတိုးချေးခြင်း၊ ၎င်း ငွေတိုးချေးခြင်းကြောင့် အတိုးပေါ်အတိုးဆင့်ခြင်း အကြွေးနွံနစ်ခြင်း၊ တစ်နည်းက မဟုတ်တာကိုလုပ်ခြင်း မဟုတ်တာ လုပ်ခြင်းဆိုသည်မှာ ဓားပြတိုက်ခြင်း၊ လုယက်ခြင်းလည်း ဖြစ်နိုင်ကြောင်း၊ ပြည်သူများက ရွေးချယ်ထားသည့် အစိုးရဖြစ်စေရန်အတွက် လိုအပ်ချက်ကို ပြည်သူပြောသည်အထိ စောင့်စရာ မလိုပါကြောင်း။ ပြည်သူကို ဗဟိုပြုပြီး လုပ်သင့်သည်ကို မဖြစ်မနေ လုပ်ပေးရမည်ဖြစ်ကြောင်း၊ သို့သော် သမ္မတကြီးဦးထင်ကျော်၏ အစိုးရအဖွဲ့ကတိုင်းပြည်ကို အုပ်ချုပ်သည်မှာတစ်နှစ် ကျော်လာသော်လည်း ဝန်ထမ်းများအတွက် မည်သည်ကိုမျှပြုလုပ် မပေးနိုင်သေးပါကြောင်း၊ အစိုးရဝန်ကြီးများ၊ ဆင်းရဲသား လူတန်းစား၊ စာရေးဝန်ထမ်းအဆင့်နှင့် ထမင်းအတူစားဖူးခြင်း မရှိသည့်အပြင် ၎င်းတို့၏ ထမင်းချိုင့်တွင် မည်သည့်ဟင်း ထည့်ခဲ့သည်ကို ဖွင့်ကြည့်ဖူးခြင်း မရှိသဖြင့် ဆင်းရဲသားများ၏ မွဲတေမှုကို Sympathy နှင့် Empathy လည်း မရှိနိုင်ကြောင်း၊ သို့သော် ဝန်ထမ်းများ၊ ပြည်သူများက အဆိုပါဝန်ကြီးများကို မလိုချင်သည်ကို  သိစေချင်ပါကြောင်း၊ လက်ရှိဝန်ထမ်းငယ်များအတွက်  သက်သာထမင်းဟင်း စီစဉ်ထားမှုကို  ဝန်ကြီးဌာန များတွင် ဖျက်သိမ်းလိုက်သည်ကို ကြားရသဖြင့် ဝန်ထမ်းများအတွက် မိမိတို့ဘက်မှ စိတ်မကောင်းပါကြောင်း၊ နိုင်ငံ၏ GDP၊ GDP Group၊ Budget Deposit၊ IMF နှင့် World Bank ၏ GDP နှင့် Budget Deposit ၏ Ratio 5 percent မကျော်စေရန် စသည့် Regulation များကို အကြောင်းမပြသင့်ကြောင်း၊ ဆင်းရဲသား ပြည်သူများက စိတ်မဝင်စားကြောင်း၊ ၎င်းတို့ စိတ်ဝင်စားသည်က လစာတိုးပြီး ရရှိရေးသာဖြစ်ကြောင်း၊ ပြည်သူကို ဗဟိုပြုသည့် ကတိကဝတ်ကို ရိုးသားစွာလက်ခံကျင့်သုံးရမည် ဖြစ်ကြောင်း၊ အစိုးရကပြည်သူကို ပြန်မကြည့်နိုင်သဖြင့် လစာတိုးပေးခြင်းမရှိသေးပါသဖြင့် မိမိက ဝန်ထမ်းများအားလုံး၏ကိုယ်စား တင်ပြရခြင်းဖြစ်ပါကြောင်း၊ အစိုးရ ဝန်ထမ်းများ၏ လက်ရှိရင်ဆိုင်နေရသည့် စီးပွားရေးကျပ်တည်းမှုကို စာနာထောက်ထားသဖြင့် လစာတိုးပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။