(င)-၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဖေဖော်ဝါရီလကုန်ထိ Operator များက ရောင်းချခဲ့သော SIM Card နှင့် နယ်စပ် စခန်းမှ တရားမဝင် ဖမ်းဆီးရမိသော လက်ကိုင် ဖုန်းများ အရေအတွက်နှင့်တန်ဖိုး၊ ၎င်းတို့အပေါ် အခွန်စနစ်ကျင့်သုံးခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့်
(က) ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဖေဖော်ဝါရီလကုန်အထိOperator များက ဘဏ္ဍာနှစ်အလိုက် ရောင်းချခဲ့သော SIM Card အရေအတွက်နှင့် အဆိုပါ ကာလအတွင်း ကောက်ခံရရှိသော ဘဏ္ဍာရေးနှစ်အလိုက် လက်ကိုင်ဖုန်း အရေအတွက်နှင့် တန်ဖိုး
( ခ) တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၌ ရောင်းချ နေသော လက်ကိုင်ဖုန်း အရောင်းဆိုင်များအပေါ် အခွန် ကောက်ခံနိုင်ခြင်း ရှိ၊ မရှိ
( ဂ) ပင်လယ်ရေကြောင်း၊ လေဆိပ်များနှင့် နယ်စပ်စခန်းမှ တရားမဝင် ဝင်ရောက်လာသဖြင့် ဖမ်းဆီးရမိသော လက်ကိုင်ဖုန်းများ အရေအတွက်နှင့် တန်ဖိုး
(ဃ) နောင်တွင် လက်ကိုင်ဖုန်းများ တရားမဝင် ဝင်ရောက်နေခြင်းကို တားဆီးရန်နှင့် မျှတ၍ လူတိုင်းအလွယ်တကူ ပေးဆောင် နိုင်သော အခွန်စနစ်ကျင့်သုံးခြင်း အစီအစဉ်ရှိ၊ မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
နိုင်ငံတော်ကို ထူထောင်တည်ဆောက်ရာတွင် သင့်တင့်မျှတသည့် အခွန်အကောက်ရရှိမှုသည် များစွာ အရေးကြီးပါကြောင်း၊ ထို့ကြောင့် ပြည်သူ့ကိုယ်စားလှယ်များသည် စဉ်ဆက်မပြတ်မျှတသည့် အခွန်နှင့် မှန်မှန်ကန်ကန် အခွန်ကောက်ခံရရှိရန် စဉ်ဆက်မပြတ်ဆွေးနွေးနေခြင်းဖြစ်ပါကြောင်း၊ ယခုလို မှန်မှန်ကန်ကန်နှင့် မျှတသည့်အခွန်ကို ရရှိမှသာလျှင် တိုင်းပြည်၏ လူမှုစီးပွားရေးဘဝ ပိုမိုကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် မတိုင်မီက မိုဘိုင်းဖုန်း၊ လက်ကိုင်ဖုန်းများ၏ တစ်လုံးချင်းတန်ဖိုး ၅ သိန်းဖြစ်ပြီး ကုမ္ပဏီများကို ဒေါ်လာနှစ်ထောင်ကျော်ဖြင့် ရောင်းချခဲ့ခြင်းအတွက် မြန်မာကျပ်ငွေ သိန်း ၂၀ ကျော်အထိ ဈေးပေါက်ခဲ့ပါကြောင်း၊ သို့သော်လည်း ပြည်သူ့လွှတ်တော်များ ပေါ်ပေါက်လာပြီး ဆင်းကတ်တစ်ခုကို ၁၅၀၀ ကျပ်အထိလျှော့ပေါ့ ရောင်းချနိုင်ခဲ့ပါကြောင်း၊ ၎င်းတို့သည် ဒီမိုကရေစီစနစ်၏ အကျိုးဆက်၊ အသီးအပွင့်ကို မျက်မြင်တွေ့ရှိခံစား ရခြင်းဖြစ်ပါကြောင်း၊ ယခင် လက်ကိုင်ဖုန်းများကို ငွေကြေးချမ်းသာသူများ၏ အသုံးအဆောင်ဖြစ်ရာမှ ယခုအခါ လူတန်းစားမရွေး ဝယ်ယူသုံးစွဲနိုင်သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ၎င်းဆက်နွယ်ပြီး တံဆိပ်အမျိုးမျိုး တပ်ထားသော လက်ကိုင်ဖုန်းများသည် ပြည်တွင်းကို ထိုးဖောက်စီးဝင်လာရာမှ တရားဝင်တင်သွင်းမှုထက် တရားမဝင်တင်သွင်းမှုက မြင့်မားလာသည်ကို သတိပြုမိပါကြောင်း၊ ထိုအရာများကို ဆန်းစစ်ကြည့်မည်ဆိုပါက တရားမဝင်တင်သွင်းသည့် လက်ကိုင်ဖုန်းများ၏ ဈေးနှုန်းကို တရားဝင်တင်သွင်း လက်ကိုင်ဖုန်း၏ ဈေးနှုန်းနှင့် မည်ကဲ့သို့မျှ မယှဉ်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ထိုကိစ္စများသည် အကောက်ခွန်၏ နှုန်းထားနှင့် အကောက်ခွန်နည်းစနစ်များ၊ အားနည်းချက်များရှိသည်ကို တွေ့မြင်ရပါကြောင်း၊ မိမိတင်ပြလိုသည်မှာ စားသုံးသူများအတွက် ဈေးနှုန်းပိုမိုမြင့်မားလာအောင် အကြံပြုခြင်းမျိုးမဟုတ်ဘဲ မှန်မှန်ကန်ကန် သက်သက်သာသာနှင့် တရားဝင်တင်သွင်းခြင်းဖြင့် နိုင်ငံတော်တွင်လည်း ငွေရပြည်သူများလည်း သက်သက်သာသာ အခွန်ပေးဆောင်စေလိုသည့် စေတနာဖြင့် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ယခုအခါ သန်းပေါင်းဆယ်ဂဏန်းလောက်အထိ တင်သွင်းလာသော လက်ကိုင်ဖုန်းများအတွက် အခွန်မဆောင်ခဲ့လျှင် တိုင်းပြည်မည်မျှနစ်နာ နေသည်ကို ဆန်းစစ်ခြင်းဖြစ်ပါကြောင်း၊ တစ်ဖက်ကလည်း တရားမဝင် တင်သွင်းနေမှုများကို တားဆီးနေခြင်းဖြစ်ပါကြောင်း၊ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဖေဖော်ဝါရီလကုန်အထိ Operator များက ဘဏ္ဍာရေးနှစ်အလိုက်ရောင်းချခဲ့သည့် ဆင်းကတ်အရေအတွက်နှင့် ယင်းကာလအတွင်း အကောက်ခွန်ဦးစီးဌာနက ကောက်ခံရရှိသည့် ဘဏ္ဍာရေးနှစ်အလိုက် လက်ကိုင်ဖုန်းအရေ အတွက်၊ တိုင်းဒေသကြီးနှင့် မြို့နယ်များမှ ဖွင့်လှစ်ရောင်းချနေသော တရားမဝင်တင်သွင်းသည့် လက်ကိုင်ဖုန်းများအပေါ် အခွန်ကောက်ခံနိုင်ခြင်းရှိ/မရှိ၊ ပင်လယ်ရေကြောင်း၊ လေဆိပ်နှင့် နယ်စပ်စခန်းများမှ ဖမ်းဆီးမိသည့် တရားမဝင်လက်ကိုင်ဖုန်းအရေအတွက်နှင့်တန်ဖိုး၊ သက်သာသော အခွန်နှုန်းနှင့် အလွယ်တကူ ပေးဆောင်နိုင်သော အခွန်စနစ်ကို ကျင့်သုံးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။