(က)-ကျောက်ပန်းတောင်း မြို့နယ်၏ မြောက်ပိုင်း ခြမ်း နယ်မြေနှင့် တောင်ပိုင်းခြမ်းနယ်မြေ တို့တွင် 5 MVA ဓာတ်အားခွဲရုံများ တည်ဆောက်ပေးပါရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2017-05-29

မေးခွန်း အကြောင်းအရာ 

u shwe koကျောက်ပန်းတောင်းမြို့နယ်သည် လူဦးရေ သုံးသိန်း၊ အိမ်ထောင်စု  ခြောက်သောင်းကျော်၊ အုပ်စုအားဖြင့် ကျေးရွာအုပ်စု ၁၀၉ အုပ်စုနှင့် ရပ်ကွက်ပေါင်း ၁၂ ခု၊ ကျေးရွာပေါင်း ၃၃၉ ရွာရှိပါကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ်၏ ကျေးရွာအရေအတွက်သည် မန္တလေးတိုင်း ဒေသကြီးတွင် အများဆုံးဖြစ်ပြီး မြန်မာပြည်တစ်ပြည်လုံးအနေဖြင့် ဒုတိယအများဆုံးဟု သိရှိရပါကြောင်း၊ ကျေးရွာအရေအတွက်သည် အခြားမြို့နယ်များတွင်ရှိသော ကျေးရွာအရေအတွက် များထက် နှစ်ဆ၊ သုံးဆရှိသော်လည်း မီးလင်းသည့်ကျေးရွာအရေအတွက်က ၅၉ ရွာသာရှိသည့် အတွက် မြို့နယ်၏ မီးလင်းမှုသည် ၁၇.၄ ရာခိုင်နှုန်းသာ ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ မီးလင်းသည့် အရေအတွက်သည့် ၃၇.၅ ရာခိုင်နှုန်းရှိသည့်အတွက် မိမိတို့မြို့နယ်၏ မီးလင်းမှုအနေအထားသည် အင်မတန်ကို နောက်ကျနေပါကြောင်း၊

ကျောက်ပန်းတောင်းမြို့နယ်၏ မြောက်ဘက်ခြမ်း ပုပ္ပါးမြို့နယ်ဘက်တွင် 5 MVA ခွဲရုံတစ်ရုံကို မီးလိုင်းနှင့် ၁၀ မိုင်ဝေးသော ကူရွာဆောက်လုပ်ပေးပါက ကျေးရွာပေါင်း ၃၃ ရွာ၊ အိမ်ထောင်စု ပေါင်း ၃၇၀၀ ကျော်နှင့် လူ နှစ်သောင်းကျော် မီးအသုံးပြုရန်နှင့်  တောင်ဘက်ခြမ်းတွင် မီးလိုင်းနှင့် ၁၁ မိုင်ဝေးသော သရက်တောကျေးရွာတစ်ဝိုက်တွင် 5 MVA ခွဲရုံတစ်ရုံ ဆောက်လုပ်ပေးပါကလည်း ကျေးရွာပေါင်း ၆၃ ရွာ၊ အိမ်ထောင်စု ၆၀၀၀ ကျော်၊ ပြည်သူသုံးသောင်းကျော်သည် မီးအသုံးပြုနိုင်မှာဖြစ်ပါကြောင်း၊ ထို့ကြောင့် ဓာတ်အားခွဲရုံနှစ်ရုံကို ဆောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိ နှင့် ဆောက်လုပ်ပေးနိုင်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်နှင့် ဆောက်လုပ်ပေးနိုင်ပါက  မည်သည့်အချိန်တွင် ဆောက်လုပ်ပေးနိုင်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။