(ခ)-မီးလင်းရေးကော်မတီများအတွက် စည်းမျဉ်း များ ပြောင်းလဲပေးခြင်း၊ ကျေးရွာနေပြည်သူများ လျှပ်စစ်မီး သုံးစွဲနိုင်ရေးနှင့် ဆင့်ပွားမီး အသုံးပြု ခြင်း ပပျောက်ရေးအတွက် မူဝါဒချမှတ်ဆောင်ရွက် ခြင်းနှင့်စပ်လျဉ်း၍ စီစဉ်ဆောင်ရွက်ထားမှုကို သိ လိုခြင်း မေးခွန်း
မေးခွန်း အကြောင်းအရာ
၂၀၁၄ ခုနှစ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဓာတ်အားရရှိရေးလုပ်ငန်းများ လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် မီးလင်းကော်မတီမှ လိုက်နာရမည့်အချက် ၂၄ ချက်ကို ၁၂ ချက်သို့ဖြေလျှော့ပြောင်းလဲသတ်မှတ်ခဲ့ပါကြောင်း၊ ထိုသို့ ဖြေလျှော့ပြောင်းလဲသတ်မှတ်ရာတွင် မူလသတ်မှတ်ချက်များမှ အမှတ်စဉ်(၄)၊ (၅)၊ (၁၂) နှင့် (၁၃)တို့ကို မူလသတ်မှတ်ချက်များအတိုင်းထား၍ အမှတ်စဉ်(၁)၊ (၂)၊ (၃)၊ (၁၁)၊ (၁၅)၊ (၁၆)၊ (၁၇)၊ (၁၉)၊ (၂၀)၊ (၂၁)၊ (၂၃)နှင့် (၂၄)တို့ကိုပယ်ဖျက်ပြီး အမှတ်စဉ်(၆)နှင့် (၇)ကိုပေါင်းကာ အမှတ်စဉ်(၈)၊ (၉)၊ (၁၀)၊ (၁၄)၊ (၁၈)နှင့် (၂၂)တို့ကို ပြင်ဆင်ဖြည့်စွက်ထားပြီး လိုက်နာရမယ့် အချက်တစ်ချက်အား အသစ်ရေးဆွဲသတ်မှတ် ထပ်မံဖြည့်ခဲ့ပါကြောင်း၊ ယခုအခါ မီးလင်းရေးကော်မတီ မှ လိုက်နာရမည့် အချက် ၂၄ ချက်အား ဝန်ခံကတိပြုသိရှိသဘောတူညီကြောင်းစာချုပ်ကို ချုပ်ဆိုခဲ့ရသည့် ကျေးရွာများတွင် မီးလင်းနိုင်ရန်အတွက် ကျေးရွာနေအိမ်ထောင်စုများမှ တစ်အိမ်ထောင်လျှင် ရန်ပုံငွေမြောက်မြားစွာထည့်ဝင်နေရသောကြောင့် ကျေးရွာ၏ သုံးပုံတစ်ပုံခန့်သာ မီးလင်းနိုင်ကြပြီး ကျန်အိမ်ထောင်စုများမှာ လျှပ်စစ်မီး မသုံးစွဲနိုင်ခြင်းနှင့် တရားမဝင်ဆင့်ပွားမီးများ တပ်ဆင်အသုံးပြုခြင်းများ ရှိနေပါကြောင်း၊
မီးလင်းရေးကော်မတီများမှ ရန်ပုံငွေအပိုမြောက်မြားစွာ အပ်နှံထားကြသော်လည်း ပယ်ဖျက်ပြီး အချက် ၁၂ ချက်အားသဘောတူလက်မှတ်ရေးထိုးထားရသဖြင့် မီးလင်းလိုသည့်အိမ်ထောင်စုမှာ တိုးတက်လာခြင်း မရှိဘဲ ကျေးလက်နေပြည်သူတို့၏ လူမှုဘဝနှင့် ကျောင်းသားကျောင်းသူများ၏ ပညာရေးမြှင့်တင်ရေးတို့သည် အဟန့်အတားဖြစ်နေပါကြောင်း၊ မီးလင်းရေးကော်မတီမှ ဖြေလျှော့ပြောင်းလဲ သတ်မှတ်သည့် အမှတ်စဉ် ၁၂ ပါပြဋ္ဌာန်းချက်ကို လိုက်နာမှုမရှိဘဲ တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့်ခါတွင်လည်း မီးလင်းလိုသည့် အခြားကျေးရွာများ၏ မီးကော်မတီများနှင့် လျှပ်စစ်နှင့် ပတ်သက်သော တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ရန်ပုံငွေ မြောက်မြားစွာ တောင်းခံမှုများလည်း ရှိနေပါကြောင်း၊
မီးလင်းရေးကော်မတီများနှင့် ပတ်သက်၍လည်း ကော်မတီဖွဲ့စည်းပုံ၊ စည်းမျဉ်းနှင့် တာဝန်နှင့် လုပ်ပိုင်ခွင့်တိကျသောသတ်မှတ်ချက်မရှိခြင်း၊ ကော်မတီသက်တမ်းသတ်မှတ်ချက်မရှိခြင်း၊ ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်မဟုတ်ဘဲ ကော်မတီဝင်တစ်ဦးစ နှစ်ဦးစမှ လွှမ်းမိုးလုပ်ဆောင်နေခြင်း၊ ငွေစာရင်းရှင်းတမ်းများစာရင်းအင်္ဂါရပ်နှင့်မညီညွတ်ခြင်း၊ ငွေစာရင်းရှင်းတမ်းများကို ကျေးရွာအတွင်း ပွင့်လင်းမြင်သာစွာအသိပေးကြေညာမှုမရှိခြင်း၊ ကော်မတီနှင့်ရပ်ရွာလူထုကြား တွေ့ဆုံဆွေးနွေး ညှိနှိုင်း ဆောင်ရွက်မှုမရှိခြင်း၊ အိမ်ထောင်စုအများစု မီးလင်းရေးဦးတည်ဆောင်ရွက်မှုမရှိခြင်း၊ ငွေကြေးချို့တဲ့သော အိမ်ထောင်စုများ မီးရယူနိုင်ရန်ညှိနှိုင်းဆောင်ရွက်မှုအားနည်းခြင်း၊ မီးလင်းပြီး နောက် လက်ကျန်ရန်ပုံငွေများကို မည်သို့စီမံခန့်ခွဲမည်ဟူသော စီမံချက်မရှိခြင်း၊ ကိုယ်ထူကိုယ်ထ မီးလင်းရေးဆောင်ရွက်ပြီးနောက် နှစ်မည်မျှကြာလျှင် လျှပ်စစ်ဌာနမှ လွှဲပြောင်းတာဝန်ယူမည်ဟူသော သတ်မှတ်ကာလမရှိခြင်းစသည့် အားနည်းချက်များလည်းတွေ့ရှိနေရပါကြောင်း၊
သို့ဖြစ်ပါသောကြောင့် (က)ဖြေလျှော့ပြောင်းလဲသတ်မှတ်သည့်အချက် ၁၂ ချက်ကို မီးလင်းရေးကော်မတီမှ လိုက်နာရမည့်အချက် ၂၄ ချက်အား ဝန်ခံကတိပြု သိရှိသဘောတူညီကြောင်း စာချုပ်ချုပ်ဆိုထားသော မီးလင်းရေးကော်မတီများအပေါ် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ပြန်လည်ပြင်ဆင်ချုပ်ဆိုပေးရန် အစီအစဉ်ရှိ/မရှိ၊ (ခ) လျှပ်စစ်နှင့် ပတ်သက်သော တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေးရွာနေအိမ်ထောင်စုအားလုံးနီးပါး လျှပ်စစ် မီးလင်းနိုင်ရေးနှင့် မီးဘေးအန္တရာယ်စိုးရိမ်ရသော တရားမဝင်ဆင့်ပွားမီးများ တပ်ဆင်အသုံးပြုခြင်း ပပျောက်ရေးတို့ အတွက် ခိုင်မာတိကျသော မူဝါဒချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။