(ဂ)-တောင်တွင်းကြီး မြို့လယ်ခေါင် တည့်တည့်ရှိ နယူးဒေး စက်သုံးဆီ အရောင်းဆိုင် ကို မြို့ပြင်ရှိ သင့်လျော်သည့်နေရာသို့ ပြောင်းရွှေ့ ပေးရန် အစီ အစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
တောင်တွင်းကြီးမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်း ပူပြင်ခြောက်သွေ့သည့် ဒေသတွင် တည်ရှိသည့် ပြီး နွေရာသီကာလတွင် အပူချိန်အနည်းဆုံး ၄၀ ဒီဂရီစင်တီဂရိတ်ရှိသည့်အတွက် နွေရာသီကာလတွင် မီးဘေးအန္တရာယ်အလွန် စိုးရိမ်ရပါကြောင်း၊ မြို့၏ မြေပုံအရ မြို့စု၊ မြို့ဝိုင်း ပုံသဏ္ဍာန် ရှိခြင်းကြောင့် မီးလောင်မှုဖြစ်ပွားပါက အချိန်မီငြိမ်းသက်နိုင်ခြင်း မရှိဘဲ အိမ်ခြေရာဂဏန်းခန့် မီးလောင်ကျွမ်းခံ ရပါကြောင်း၊ ၁၉၈၁ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ၉၀ ရာခိုင်နှုန်းနီးပါး၊ အိမ်ခြေပေါင်း ၅၀၀၀ ကျော်၊ ၁၉၈၉ ခုနှစ်တွင် အုန်းတောရပ်ကွက်မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၂၀၀ ကျော် ၊ ၁၉၉၅ ခုနှစ်တွင် ရွှေအိုးရပ်ကွက်မီး နှင့် ၁၉၉၈ ခုနှစ်တွင် မောင်းနှံရပ်ကွက်မီးလောင်ကျွမ်းမှုများသည် အိမ်ခြေပေါင်း ၁၅၀ ကျော် လောင်ကျွမ်းခဲ့ပါကြောင်း၊
မြို့၏ အလယ်ဖြစ်သော မကွေးလမ်း၊ ပြည်လမ်း၊ နတ်မောက်လမ်း၊ လမ်းဆုံတွင် နယူးဒေး စက်သုံးဆီဆိုင်ရှိပါကြောင်း၊ ထိုစက်သုံးဆီဆိုင်၏ အရှေ့ဘက် ခြံစည်းရိုးကာရံထားသည့် ထိစပ် နေရာသည် ကျောင်းသားပေါင်း ၅၀၀ ခန့် သင်ကြားနေသည့် မြို့မ အလယ်တန်း ကျောင်းခွဲ၊ မြောက်ဘက် ပေ ၁၀၀ ခန့်အကွာတွင် ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ထိုဌာနကြီးများ၏ နောက်တွင် လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ စိုက်ပျိုးရေးဘဏ်၊ လူဝင်မှုကြီးကြပ်ရေး၊ သတင်းတပ်ဖွဲ့၊ အခွန်ဦးစီးရုံး၊ ဆ.ရ.ဖ ရုံး၊ အနောက်တောင် ဘက်တွင် မီးသတ်ဦးစီးဌာနနှင့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ မြို့နယ် ပြည်သူ့ဆေးရုံ၊ မြို့မရဲစခန်းတို့သည် ကိုက် ၃၀၀ အတွင်းတွင်လည်းကောင်း အသီးသီးတည်ရှိသကဲ့သို့၊ အနောက်မြောက်ဘက် ကိုက် ၂၀၀ ခန့်အတွင်းတွင်လည်း အာဇာနည် ခေါင်းဆောင်ကြီး ကိုးဦး၏ ရုပ်ထုများရှိသည့် အာဇာနည် ရင်ပြင်နှင့် မြို့မဈေးကြီးတို့ တည်ရှိနေပါကြောင်း၊ ထို့ကြောင့် မြို့၏ အချက်အခြာ အလယ်ဗဟိုတည့်တည့်တွင် ရှိနေသည့် နယူးဒေး စက်သုံးဆီ အရောင်းဆိုင်ကြီးကို မြို့ပြင်သို့ ရွှေ့ပေးရန် ယခင်အစိုးရ လက်ထက်တွင် ဆန္ဒထုတ်ဖော်ပွဲများ ၇ ကြိမ်တိတိလုပ်ခဲ့ကြောင်း၊ ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီကိုလည်း တင်ပြခဲ့ပါကြောင်း၊ ယခု အစိုးရလက်ထက်တွင်လည်း မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်က တိုင်းဒေသကြီးအစိုးရကို အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သော်လည်း မရေရာသည့် အဖြေများကိုသာ ဖြေကြားခဲ့ပါကြောင်း၊ အဆိုပါ စက်သုံးဆီဆိုင်မှ မီးလောင်မှုဖြစ်ခဲ့သည်ဆိုပါက အသက် ၅ နှစ်အရွယ်ကစပြီး အသက် ၁၄ နှစ်အရွယ် အဋ္ဌမတန်းအထိ ရှိသည့် ကျောင်းသား ၅၀၀ ကျော်ပညာသင်ကြားနေသည့် အလယ်တန်းကျောင်းခွဲကို အချိန်မရွေး ကူးစက်နိုင်ပါကြောင်း၊ ထို့ကြောင့် အဆိုပါစက်သုံးဆီဆိုင်အား မြို့ပြင်သို့ ပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိ/မရှိနှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်နှင့် အစီအစဉ် ရှိပါကလည်း မည်သည့်အချိန်တွင် ပြောင်းရွှေ့ပေးမည် ဖြစ်ကြောင်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။