(ဃ)-နိုင်ငံအနှံ့ ဖြစ်ပွားနေသော လျှပ်စစ်မီးလင်း ရေး ကော်မတီ၊ လျှပ်စစ်ထိန်းသိမ်း စောင့်ရှောက် ရေး ကော်မတီများ၏ ပြဿနာကို ပိုမိုကောင်းမွန် ပြည့်စုံသည့် မူဘောင် စနစ်များ ချမှတ်၍ ဖြေရှင်း ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2017-05-29

မေးခွန်း အကြောင်းအရာ 

u nyan heinယခုမေးခွန်းကို မေးမြန်းရခြင်းအကြောင်းအရင်းမှာ လျှပ်စစ်ကဏ္ဍသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက် ရေးအတွက် အရေးကြီးသည့်အခန်းကဏ္ဍကပါဝင်နေခြင်း၊ ထိုနည်းတူစွာ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ပြည်သူလူထုအတွင်း စည်းလုံးညီညွတ်ရေးသည် အရေးပါခြင်းတို့ကြောင့် ဖြစ်ပါကြောင်း။ မြန်မာ့လျှပ်စစ်ဌာနတွင် စွမ်းအားထုတ်လုပ်ရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍတို့တွင် နိုင်ငံတော်၏ အရင်းအနှီးဖြင့်ဆောင်ရွက်ပြီး ဖြန့်ဖြူးရေးကဏ္ဍကိုသာ ပုဂ္ဂလိကဖြင့်ဆောင်ရွက်သည်ကို တွေ့ရှိရပါကြောင်း။ 11 KV ကြိုးမှ နှစ်မိုင်ပတ်လည်ကို မိမိဈေးဖြင့် ၄၀၀ ဗို့ကြိုးသွယ်မည် ဖြစ်ပါကြောင်း။ ထရန်စဖော်မာထိုင်နိုင်မည်ဆိုပါက မူ ၁၂ ချက်ဖြင့် မီးပေးဝေသောကြောင့် မီးလင်းရေးကော်မတီများ ပေါ်ပေါက်လာရခြင်းဖြစ်ပါကြောင်း။ မူ အမှတ်(၁၂)အရ မီးချိတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် မီးလင်းရေးကော်မတီရှိပစ္စည်းများကို စီမံခန့်ခွဲမှုပါ ဝန်ကြီးဌာနလက်အောက်ကို ရောက်ရှိသွားပါကြောင်း။ သို့သော် မူ အမှတ်(၉)အရ ပစ္စည်းများထိန်းသိမ်း စောင့်ရှောက်မှုသည် ကျေးရွာကော်မတီတွင်သာ ရှိသည့်အတွက် မီးလင်းရေးကော်မတီကို လျှပ်စစ်မီးထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီဟု ပြောင်းလဲဖွဲ့စည်းလိုက်ရခြင်းဖြစ်ပါကြောင်း။ ထို့ကြောင့် မူအမှတ် (၉)အရ သတ်မှတ် လိုက်သည့်အတွက်ကြောင့် တစ်ယူနစ်ကို ၃၅ ကျပ်ဖြင့် ယူပြီး လျှပ်စစ်မီးထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီများက ၇၀ ကျပ်၊ ၁၀၀ ကျပ်တို့ဖြင့် ရောင်းချလာသောကြောင့် တစ်ပြည်လုံးအတိုင်းအတာနှင့် ကျေးရွာ၊ ရပ်ကွက် မီးလင်းသောဒေသများမှာ အချင်းချင်း စိတ်ဝမ်းကွဲမှုများဖြစ်လာပါကြောင်း။ မီးမရရှိသေးသူများက မီးရရှိရေးအလိုရှိကာ အစိုးရနှုန်းအတိုင်း ပေးချင်ကြပါကြောင်း။ အစိုးရနှုန်း ၃၅ ကျပ်နှင့်ယူပြီး ၇၀ ကျပ်ဖြင့် ရောင်းချသည်ကို မကျေနပ်ကြပါကြောင်း။ ၎င်းတို့တင်ပြသည်မှာ အစိုးရနှုန်း ၁၀၀ ကျပ်ဖြစ်ပါကလည်း ပေးနိုင်ပါကြောင်း။ သို့သော် ကော်မတီက အမြတ်တင်ရောင်းချနေသည်ကို မကျေနပ်သည့်အတွက် တိုင်ကြားခြင်း ဖြစ်ပါကြောင်း။ နောက်တစ်ချက်မှာ မိမိမြို့နယ်ရှိ ဝါးကတူကျေးရွာတွင် စာရင်းရှင်းတမ်း မထုတ်သည်မှာ ၁၂ နှစ်ခန့်ရှိပြီ ဖြစ်ပါကြောင်း။ ထိုကဲ့သို့ပြဿနာများ တိုင်ကြားသည့်အခါ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာကို ဥက္ကဋ္ဌတင်ပြီး ဝန်ကြီးဌာနအရာရှိများနှင့် စစ်စီဘုတ်ဖွဲ့ပါကြောင်း။ စစ်ဆေးပြီး သုံးသပ်သောအစီရင်ခံစာများနှင့် အထက်အဖွဲ့ အစည်းများကို ဆက်လက်တင်ပြပါကြောင်း။ အနည်းငယ်ကြာမှ စာရင်းကွာသည့်ကိစ္စများကို အစိုးရအသိအမှတ်ပြု စာရင်းကိုင်ဖြင့် စစ်ဆေးရန် ပြန်ကြားပါကြောင်း။ တောသူတောင်သားများက အားကိုးတကြီးတိုင်ကြားခြင်းဖြစ်သည့် အတွက် မူလစစ်စီအဖွဲ့တွင် မြို့နယ်စာရင်းရုံးက အရာရှိများပါ ထည့်သွင်းဖွဲ့စည်းပေးမည်ဆိုပါက ပိုမိုမြန်ဆန် လွယ်ကူမည်ဟု အကြံပြုလိုပါကြောင်း။

          မိမိဆန်းစစ်ကြည့်သည့်အခါ ထိုကော်မတီများ၏ပြဿနာများသည် အစိုးရဝန်ကြီးဌာန လက်အောက်သို့ အပ်ပြီးချိန်တွင် အကုန်လုံးကင်းစင်သွားပါကြောင်း။ မိမိ မြို့နယ်အင်ဂျင်နီယာကို စုံစမ်းရာတွင် ဝန်ထမ်းမခန့်အပ် နိုင်ခြင်း၊ အသုံးပြုပစ္စည်းများက အရည်အသွေး မပြည့်မီခြင်းတို့ကြောင့် အခက်အခဲရှိနေသည်ကို တွေ့ရှိရ ပါကြောင်း။ မိမိအကြံပေးလိုသည်မှာ မီတာ Box တစ်လုံးကို ၉၀၀၀၀ နှုန်းဖြင့်  အစိုးရထံမှ ပြည်သူလူထုက ဝယ်ယူရပါကြောင်း။ ထို့ကြောင့် အိမ် ၁၀၀၀ ရှိမည်ဆိုပါက သိန်း ၉၀ ရရှိမည်ဖြစ်ပါကြောင်း။ တစ်လလျှင် မီတာဝန်ဆောင်ခ ၅၀၀ ကျပ်နှုန်းဖြင့် ကောက်ခံသည့်အတွက် ၅၀၀၀၀၀ ရရှိမည်ဖြစ်ပါကြောင်း။ အစိုးရ ဘတ်ဂျက်ကိုအသုံးမပြုဘဲ Aliment ၃ ယောက်ထိ မိမိတို့ ခန့်အပ်လိုက်မည်ဖြစ်ပါကြောင်း။ နောက် မိမိ အကြံပြုလိုသည်မှာ စတင်စဉ် ကာလကတည်းက မူ ၁၂ ချက်တွင် အရည်အသွေးပြည့်မီသော ပစ္စည်းကိရိယာ အသုံးပြုမည်ဟ ပါရှိပါကြောင်း။ မီးချိတ်ပေးစဉ်ကလည်း အင်ဂျင်နီယာများကိုယ်တိုင် စစ်ဆေးခဲ့ပြီးဖြစ်ပါကြောင်း။ စစ်ဆေးစဉ်က မှန်ကန်၍သာ ၎င်းတို့ချိတ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း။ ယခုအချိန်မှ စစ်ဆေးခဲ့သည်မှာ မကောင်းမွန်ပါဟုဆိုသည်ကို ကြည့်၍ မည်သူ့တွင်အပြစ်ရှိသည်ကို တွေးကြည့်၍ရပါကြောင်း။ ထို့ကြောင့် လျှပ်စစ်မီးကုမ္ပဏီ၏ပြဿနာကို တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက် ပြေလည်အောင် မူဝါဒကောင်းချမှတ်ပြီး ဖြေရှင်းပေးရန် မေးမြန်းရခြင်းဖြစ်ပါကြောင်းဖြင့် မေးမြန်းပါသည်။