(င)-ကျိုက်မရောမြို့၊ အာဇာနည် ကျောက်တိုင် တည်ရှိရာ ပန်းခြံအတွင်းရှိ ရာဇာမင်း စက်သုံးဆီ အရောင်းဆိုင်နှင့် သမဝါယမဆိုင်ခန်းများ ဖယ်ရှား ရေးကိစ္စ နှင့် စပ်လျဉ်းသည့် မေးခွန်း
2017-05-29
မေးခွန်း အကြောင်းအရာ
saw kyaw win mgကျိုက်မရောမြို့တွင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကို နောင်လာနောက်သားများ မမေ့လျော့အောင် ရည်ရွယ်ပြီး ကျိုက်မရောမြို့ အထက်တန်းကျောင်းကြီး၏ မျက်နှာချင်းဆိုင်ပန်းခြံ အတွင်းတွင် အစိုးရသီးသန့်မြေ ဝ.၆၇ ဧကပေါ်တွင် အာဇာနည်ကျောက်တိုင်စိုက်ထူခဲ့ကြပါကြောင်း၊ နှစ်စဉ်အာဇာနည်နေ့တိုင်းတွင် မြို့နယ်လုံးကျွတ်ပန်းခြံအပြည့် ဂါရဝပြုချီတက်အလေးပြုခဲ့ကြ ပါကြောင်း၊ ယခင် မ.ဆ.လလက်ထက်မှာ အာဇာနည်ကျောက်တိုင်ရှိသည့် ပန်းခြံအတွင်းဘေး တစ်ဘက်တစ်ချက်ဆီတွင် အစိုးရစက်သုံးဆီ အရောင်းဆိုင်နှင့် သမဝါယမဆိုင်ခန်းများ ဆောက်လုပ်ခွင့်ပြုခဲ့ပါကြောင်း၊
၂၀၀၉ ခုနှစ်တွင် အစိုးရစက်သုံးဆီအရောင်းဆိုင်ကို နိုင်ငံပိုင်ပစ္စည်းများ၊ ပုဂ္ဂလိကပြုလုပ်ရေး ကော်မရှင်က ရာဇာမင်းစက်သုံးဆီအရောင်းဆိုင်ထံ ဝ.၅၇ ဧကကို သိန်းနှစ်ရာ ရောင်းချခဲ့ပြီး ဝ.၀၇ ဧကကို ငွေပြည့်စုံရောင်းဝယ်ရေးသမဝါယမအသင်းထံအငှားဂရန်များ ချထားပေးခဲ့ပါသည့်အတွက် လမ်းမြေအဖြစ် ဝ.၀၃ ဧကသာ ကျန်ရှိပါကြောင်း၊ ယခုအခါ အာဇာနည်နေ့များတွင် ပြည်သူအများစု တက်ရောက်ရန် နေရာအခက်အခဲရှိသည့်အတွက် အဆိုပါကိစ္စနှင့် ပတ်သတ်ပြီး မွန်ပြည်နယ်၊ စွမ်းအင်ဝန်ကြီး ဦးမင်းထင်အောင်ဟန်နှင့် တွေ့ဆုံခဲ့ရာ ပြည်နယ်အဆင့်တွင် ညှိနှိုင်းဆောင်ရွက်ရန် အဆင်မပြေကြောင်းနှင့် ပြည်ထောင်စုအဆင့်မှ ညှိနှိုင်းတွန်းအားပေးဆောင်ရွက်မှသာ အဆင်ပြေနိုင် မည်ဖြစ်ဟု ရှင်းပြခဲ့ပါကြောင်း၊ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မွန်ပြည်နယ်လွှတ်တော်အတွင်း မေးမြန်းခဲ့ရာတွင် စွမ်းအင်ဝန်ကြီးဦးမင်းထင်အောင်ဟန်၏ ဖြေကြားချက်အရ အာဇာနည်ကျောက်တိုင် မြေနေရာ ပြန်လည်ရရှိရန် သမဝါယမဦးစီး၊ သက်ဆိုင်ရာကုမ္ပဏီတို့နှင့် ညှိနှိုင်းဆောင်ရွက်ကြရန်ဖြစ်သည်ဟု သိရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ကျိုက်မရောမြို့၊ အာဇာနည်ကျောက်တိုင် တည်ရှိရာ ပန်းခြံအတွင်းက ရာဇာမင်းစက်သုံးဆီအရောင်းဆိုင်နှင့် သမဝါယမဆိုင်ခန်းများ ဖယ်ရှားရေးအတွက် ပြည်ထောင်စုစွမ်းအင်ဝန်ကြီးက တွန်းအားပေးညှိနှိုင်း ဆောင်ရွက်ပေးပါရန်နှင့် ဆောင်ရွက်ပေးနိုင်မှုအခြေအနေကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။