(ဇ)-မြန်မာနိုင်ငံအတွင်း ပြေးဆွဲနေသော အဝေး ပြေး မော်တော်ယာဉ် လိုင်းကားများအား ကား မ ထွက်မီ ကြံ့ခိုင်မှု ရှိ၊ မရှိ စစ်ဆေးရန် မည်သို့စီမံ ဆောင်ရွက်ထားကြောင်း သိလိုခြင်း နှင့်စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မြန်မာပြည်အနှံ့အပြားကို ကိစ္စအမျိုးမျိုးဖြင့် ခရီးသွားလာနေသူများသည် အဝေးပြေးမော်တော်ယာဉ် များကိုသာ မှီခိုအားထားနေရသူများဖြစ်ကြပါကြောင်း၊ မော်တော်ယာဉ်တိမ်းမှောက်ခြင်းများသည် မော်တော်ယာဉ် ကြံ့ခိုင်မှုမကောင်းခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ ယာဉ်မောင်း၏ ပေါ့ဆမှုများ၊ လမ်းအားနည်းချက်များကြောင့်လည်း ဖြစ်နိုင်ပါကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက် ယာဉ်မတော်တဆမှုဖြစ်ပွားစဉ်များကို လေ့လာရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးတို့မှာ ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားကြောင်း တွေ့ရှိရပြီး မြန်မာနိုင်ငံတွင် နေ့စဉ် ယာဉ်မတော်တဆမှုများကြောင့် ပျမ်းမျှအားဖြင့် နေ့စဉ် လူ ၁၁ ဦးခန့် သေဆုံးနေသည်ဟု သိရှိရပါကြောင်း၊ ယာဉ်မတော်တဆမှုများကြောင့် ခရီးသွားပြည်သူ များအတွက် ဒုက္ခမျိုးစုံ ကြုံတွေ့ရပြီး ဒုက္ခိတများဖြစ်ခြင်း၊ အသက်အန္တရာယ်ဆုံးရှုံးခြင်းများသည် တိုင်းပြည်အတွက် များစွာနစ်နာဆုံးရှုံးရပါကြောင်း၊ ထို့ကြောင့် အဝေးပြေးမော်တော်ယာဉ်လိုင်းများအား ကြံ့ခိုင်မှုကောင်း စေရန် မည်သူများက စစ်ဆေးသည်၊ မော်တော်ယာဉ်လိုင်စင်များကို ကညန ရုံးများမှာ သေချာစွာစစ်ဆေးမှုရှိ/မရှိ၊ မော်တော်ယာဉ်လိုင်စင်စစ်သကဲ့သို့ တစ်နှစ်တစ်ခါ စစ်ဆေးရုံမျှဖြင့် လုံလောက်မှုရှိ/ မရှိ၊ အဝေးပေးယာဉ်များကို မောင်းနှင်နေသော ယာဉ်မောင်းသူများအနေဖြင့် အရက်၊ ဘီယာများ အလွန်အကျွံသောက်ပြီးမှ မောင်းနှင်ခြင်း၊ အရေးကြီးကိစ္စများ မဟုတ်ပါဘဲ လက်ကိုင်ဖုန်း ကို ကြာရှည်စွာပြောဆိုပြီး မောင်းနှင်ခြင်းများအပေါ် မည်သို့အရေးယူ ဆောင်ရွက်ပါ မည်လဲ သိရှိလိုပါကြောင်းမေးမြန်းပါသည်။