(ခ)-သရက်မြို့နယ်၊ ထီးရိုးကျေးရွာမှ စမ်းလယ် ကျေးရွာအထိ ရာသီမရွေး သွားလာနိုင်သော ကျောက်ချောလမ်း ဖောက်လုပ်ပေးရန် နှင့်စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၏ အနောက်မြောက်ဘက်တွင်ရှိသော ထီးရိုးကျေးရွာမှ စမ်းလယ်ကျေးရွာအထိ ၁၀ မိုင် ဝေးသောရွာများအတွင်း ကျေးရွာပေါင်း ၁၇ ရွာ၊ အိမ်ခြေပေါင်း ၄၂၀၀ ခန့်၊ လူဦးရေပေါင်း ၁၆၈၀၀ ခန့်ရှိပြီး တစ်ရွာနှင့်တစ်ရွာ ကျေးရွာချင်းဆက်လမ်း များသည် မိုးတွင်းကာလအတွင်း ဆက်သွယ်သွားလာနိုင်ခြင်းမရှိပါကြောင်း၊ ရာသီကာလတွင်လည်း ခယောင်းလမ်းများ အဖုအထစ်ချိုင့်ဝှမ်းများ၊ ချိုင့်ခွက်များ၊ တောင်စောင်း များဖြင့် သွားလာရန် ခက်ခဲသည့်အတွက် မော်တော်ယာဉ်များ အသုံးပြုသွားလာနိုင်ခြင်းမရှိပါကြောင်း၊ ကျေးရွာသူကျေးရွာသားများအနေဖြင့် စပါး၊ ပဲမျိုးစုံ ဆီထွက်သီးနှံများ သယ်ယူပို့ဆောင်ရန်ခက်ခဲခြင်း၊ ပညာသင်ကြားရန်ခက်ခဲခြင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ မီးဖွားလူနာ၊ မြွေကိုက်လူနာများအား စောင်၊ ပုခက်များဖြင့် ထမ်းယူ၍ သယ်ယူရခြင်းတို့ကြောင့် လမ်းခုလတ်အတွင်း အသက်ဆုံးရှုံးရခြင်း များကို ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် သရက်မြို့နယ် ထီးရိုးကျေးရွာမှ စမ်းလယ်ကျေးရွာအထိ ရာသီမရွေးသွားလာနိုင်သော ကျောက်ချော လမ်းဖောက်လုပ်ပေးရန်နှင့်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။