(ဂ)-မုဒုံမြို့နယ်၊ ဝဲကလိကျေးရွာရှိ ဝဲကလိချောင်း တံတားအားသံကူကွန်ကရစ်တံတားအဖြစ် အသစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ဝဲကလိကျေးရွာသည် မုဒုံမြို့နယ်၊ တွင်းပိုင်းရွာများအနက် ပင်လယ်နှင့်နီးကပ်စွာ တည်ရှိနေပြီး သံဃာနှင့် လယ်သမားအများစုနေထိုင်သည့် ရှေးဟောင်းရွာဖြစ်ပါကြောင်း၊ တွင်းပိုင်းရွာချင်း ဆက် အနေဖြင့် သမားအိုးကျေးရွာ၊ ပိတောက်ညောင်ကိုင်းကျေးရွာ၊ ကတုံးပေါ်ကျေးရွာ၊ ကော့ပလန် ကျေးရွာကြီးများနှင့် ကူးလူးဆက်ဆံနေရသောရွာဖြစ်ပြီး မုဒုံမြို့နှင့် ရှစ်မိုင်ကွာဝေးသည့် အစွန်းအဖျား ကျသောရွာလည်းဖြစ်ပါကြောင်း၊ ၁၉၈၀ ခုနှစ်က သစ်သားတံတားတစ်ခု တည်ဆောက်ပေးခဲ့ သော်လည်း ၁၉၉၉ ခုနှစ်တွင် အဆိုပါတံတားမှာစတင်ပျက်စီးလာပြီး အကြိမ်ကြိမ် ပြုပြင်လာရာမှ ၂၀၀၀ ခုနှစ်တွင် လုံးဝပြိုလဲပျက်စီးသွားချိန်မှစ၍ ယနေ့အထိ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခဲ့ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် ပေ ၃၀၀ ခန့်ကျယ်သောချောင်းကို လှေဖြင့် တစ်ဖက်ကမ်းကူးပြီး မုဒုံမြို့သို့ ၁၆ မိုင်ကျော်ခရီးကွာဝေးစွာအချိန်ကုန်ခံ၍ သွားလာရပါကြောင်း၊ အကယ်၍ နိုင်ငံတော်မှ ဝဲကလိ ချောင်းတံတားအား ခေတ်မီသံကူကွန်ကရစ်တံတားသစ် တစ်စင်းတည်ဆောက်ပေးနိုင်မည်ဆိုပါက ရွာနှင့် ပတ်ဝန်းကျင်ကူးလူးဆက်ဆံနေရသော အင်းပိုင်းရွာများအားလုံးအတွက် ပညာသင်ကြားရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစစဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ကျေးရွာချင်း ဆက်နွယ်နေသော အင်းပိုင်း၊ ဝဲကလိချောင်းတံတားသစ်အား နိုင်ငံတော်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ် ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။