(ခ)-အင်းတော်ကြီးအိုင် ပတ်ဝန်းကျင်အတွင်း ရွှေ တူးဖော်ထုတ်လုပ်နေမှုကို မည်ကဲ့သို့ အရေးယူ ဆောင်ရွက် ပေးနိုင်မည်ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း
အင်းတော်ကြီးအိုင်သည် မိုးညှင်းမြို့နယ်၏ ပင်လယ်ရေမျက်နှာပြင်အထက် ၅၄၆ ပေအမြင့်တွင် တည်ရှိပြီး မိုင်းတောင်ကြိုးဝိုင်း၊ နမ့်ခင်းခကြိုးဝိုင်း အပါအဝင် ကြိုးဝိုင်းငါး၏ အရှေ့ဘက်၊ တောင်ဘက်၊ အနောက်တောင်ဘက်များတွင် ဝိုင်းရံတည်ရှိပါကြောင်း၊ အဆိုပါ သစ်တောတောင်တန်းများက မြစ်ဖျားခံလာသည့် ချောင်းများသည် အင်းတော်ကြီးကန် အတွင်းသို့ စီးဝင်ကြပါကြောင်း၊ မြောက်ဘက်တွင် တစ်ခုတည်းရှိသည့် ရေထွက်ပေါက်မှာ အင်းတော်ချောင်းမှ တစ်ဆင့် မိုးခေါင်းချောင်းကိုစီးဝင်ပြီး ဧရာဝတီမြစ်အတွင်းသို့ စီးဆင်းခြင်း ဖြစ်ပါကြောင်း၊ ရေဝေရေလဲ များပြားသည့်အလျှောက် ချောင်းများတွင် တရားမဝင်ရွှေလုပ်ငန်းများကို စက်ယန္တရားများနှင့် တူးဖော်ထုတ်လုပ်ကြသည့်အနက် မိုင်းတောင်ရွာသည် အကြီးဆုံးဖြစ်ပါကြောင်း၊ ထိုရွာမှ ဖြတ်သန်းစီးဆင်းလာသည့် ခေါင်းတုံးချောင်း တစ်လျှောက်တွင် ရေဆိုးစွန့်ပစ်မှုများကြောင့် ဒေသခံ များသည် ဓာတုအဆိပ်သင့်မှုများ၊ ရေနေသတ္တဝါများ ရှားပါးလာခြင်း၊ အင်းအတွင်း နုန်းအနယ် ကျမှုများ ဖြစ်ပေါ်လာသည်ကို တွေ့ရှိရပါကြောင်း၊ ဆောင်းခိုငှက်များ ခိုလှုံသားပေါက်ရန်အတွက် နေရာများလည်း လျော့နည်းလာခြင်းများသည် သဘာဝ၏ ဂေဟစနစ်ကို ပျက်စီးလာစေသည့် ခြိမ်းခြောက်မှုများဖြစ်ပါကြောင်း၊ ၂၀၀၅ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် ဆောင်းခိုငှက်များ ပျံသန်းရန် အရေးကြီးရေဝပ် ဒေသအဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့ရန်ဆာ ရေဝပ်ဒေသအဖြစ်လည်းကောင်း သတ်မှတ်ခံခဲ့ရခြင်း ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံသည် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကို အောင်မြင်စွာ ဆွဲဆောင်နိုင်ရန်အတွက် မူဝါဒများချမှတ် ဆောင်ရွက်နေသည့် နေရာများတွင် အာဆီယံခရီးသွားလုပ်ငန်း၊ မဟာမဲခေါင် ခရီးသွားလုပ်ငန်း၊ ဖွံ့ဖြိုးမှုမဟာဗျူဟာများနှင့် ချိတ်ဆက်ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက်ကြောင့် တိုင်းပြည်၏ နိုင်ငံခြားဝင်ငွေကို ရှာဖွေသည့်နေရာတွင် မီးခိုးမထွက်သည့် စက်ရုံများအဖြစ် သတ်မှတ်ခံရသော သဘာဝအခြေခံခရီး သွားလုပ်ငန်းဖြစ်သည့် အင်းတော်ကြီးအိုင်ကို ရေရှည်ထိန်းသိမ်းနိုင်စေရန်နှင့် ဂေဟစနစ်ဖျက်ဆီးစေသော တရားမဝင်ရွှေလုပ်ငန်း တူးဖော် ဆောင်ရွက်မှုများကို အရေးယူဆောင်ရွက်ထားခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း၊ မိုင်းနောင်ရွာ မှထွက်လာသည့် ခေါင်းတုံချောင်းမှ အင်းတော်ကြီးထဲကို စီးဝင်သည့် လမ်းကြောင်းသည် အင်းတော်ကြီးအိုင်၏ ကမ်းနားပတ်ဝန်းကျင်များတွင် နုန်းအနယ်ကျလာခြင်းမှာ အပြာရောင် အရင့်သည် အင်း၏ရေအနက်ပိုင်း ဖြစ်သည့်အတွက် ဆောင်းခိုငှက်များ၊ သားများပေါက်ရန်၊ ငါးများ ရေနေသတ္တဝါများ၏ အသက်ရှင်သန်မှုများအတွက်ကို ၎င်းထက်ဆိုးရွားစွာ ခြိမ်းခြောက်လာခြင်း ဖြစ်သည့်အတွက် မည်ကဲ့သို့ တရားမဝင်ရွှေတူးဖော် ထုတ်လုပ်နေမှုများကို မည်သို့စီစဉ် ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။