(က)-ယင်းမာပင်မြို့နယ်၊ အင်ကြင်းပင်ကျေးရွာ အ ခြေခံပညာမူလတန်းကျောင်းတွင် အမှန်တကယ် လိုအပ်လျက်ရှိသည့် (၁၂၀ ပေ ထ ၃၀ ပေ ထ ၁၂ ပေ) အုတ်ညှပ် တစ်ထပ်ဆောင် ဆောက်လုပ်ခွင့် ပြုပါရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
အင်ကြင်းပင်ကျေးရွာ မူလတန်းကျောင်းအဆောက်အဦသည် ၁၉၈၆ ခုနှစ်က ကျေးရွာရှိ ပြည်သူများက ဆောက်လုပ်ခဲ့သော ကျောင်းဆောင်ဖြစ်ပါကြောင်း၊ လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်က ဆောက်လုပ်ခဲ့သော အင်ကြင်းပင်မူလတန်း ကျောင်းသည် ၈၀ x ၃၀ x ၁၂ ပေ သွပ်မိုး၊ ကပ်ကာ၊ ပျဉ်ခင်းဖြစ်ပြီး ယခုအချိန်တွင် ပျက်စီးယိုယွင်းလျက် ဥပတိရုပ် လုံးဝမကောင်းသောအခြေအနေကို ဆိုက်ရောက်လာခဲ့ပါကြောင်း၊ ထို့ကြောင့် အဆိုပါ ဥပတိရုပ်မကောင်းမွန်ဖြစ်နေသော အန္တရာယ်ရှိ အဆောက်အဦကို သက်ဆိုင်ရာသို့ ဖျက်သိမ်းခွင့်တောင်းခံခဲ့ရာ အခြေခံပညာဦးစီးဌာန နေပြည်တော်မှ ၁၈-၁၀-၂၀၁၆ ရက်စွဲပါစာအမှတ် ဌာနခွဲ ၉-ခ/၁၇၂၆၇/အစအ(ဖျက်သိမ်း)-၁၆ ဖြင့် ဖျက်သိမ်းခွင့် ရရှိခဲ့ပါကြောင်း၊ ယခုအချိန်တွင် ယင်းအန္တရာယ်အဆောက်အဦသည် ဖျက်သိမ်းပြီးဖြစ်သည့်အတွက် ကျောင်းသားများနှင့် ကျောင်းဆရာ ဆရာမများသည် စာသင်ကြားရာနေရာ လုံးဝမရှိသည့်အတွက် နီးစပ်ရာဘုန်းတော်ကြီးကျောင်းနှင့် ကျောင်းအနီးရှိ သစ်ပင်ရိပ်များ၌ ခက်ခက်ခဲခဲ စာသင်နေရခြင်း ဖြစ်ပါကြောင်း၊
ထို့ကြောင့် မူလတန်းကျောင်း KG တန်း၊ ၁ တန်း၊ ၂ တန်း၊ ၃ တန်း၊ ၄ တန်း တို့ စာသင်ကြားရန် အလျင်အမြန် အရေးတကြီး ၁၂၀ x ၃၀ x ၁၂ ပေ တစ်ထပ်အုတ်ညှပ် ကျောင်းဆောင် အမှန်တကယ် လိုအပ်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာပညာရေးဌာနအဆင့်ဆင့်နှင့် တာဝန်ရှိသူများ၏ ထောက်ခံချက်များ၊ ကျောင်းနှင့် ပတ်သက်သော စာရွက်စာတမ်း၊ အချက်အလက်၊ ဓာတ်ပုံများကို အမှုတွဲတွင် ပူးတွဲတင်ပြထားပါကြောင်း၊
ယခုမေးခွန်းကို မိမိအနေဖြင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး မေးမြန်းထားခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အင်ကြင်ပင်အတွက် (၈၀ x ၃၀ x ၁၂ ပေ) ကျောင်းဆောင်ဆောက်လုပ်ရန် ခွင့်ပြုချက်ငွေ ၃၁.၂ သန်း ချပေးထားသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ၈၀ x ၃၀ x ၁၂ ပေ အုတ်ညှပ်တစ်ထပ်ဆောင်သာ ချပေးခြင်း ဖြစ်သည့်အတွက် ၁၂၀ x ၃၀ x ၁၂ ပေ အုတ်ညှပ်တစ်ထပ်ဆောင် ဆောက်လုပ်ခွင့်ပြုပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။