(ဆ)-မိုက်ပုတ်ကျေးရွာရှိ အန္တရာယ်ရှိကျောင်းအား စံကိုက်ကျောင်းအဖြစ် အသစ်ဆောက်လုပ်ပေးရန်၊ စာသင်ခုံ၊ ပရိဘောဂများ လုံလောက်စွာ ခွင့်ပြု ချ ထားပေးရန်နှင့် ဖွဲ့စည်းပုံပြည့် ဆရာ၊ဆရာမဦးရေ ခန့်အပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ တို့နှင့် စပ်လျဉ်း သည့် မေးခွန်း

2017-06-02

မေးခွန်း အကြောင်းအရာ 

sai kyaw moeမိုင်းပန်မြို့နယ်၊ မိုက်ပုတ်ကျေးရွာသည် မိုင်းပန်မြို့၏တောင်ဘက် ၃၆ မိုင်အကွာတွင် တည်ရှိပြီး မိုင်ပန်မြို့က မြေသားလမ်းအဖြစ် သွားရောက်ရသည့် လမ်းပန်းဆက်သွယ်ရေး အင်မတန်ခက်ခဲသော အိမ်ခြေ ၁၀၀၀ ကျော်နှင့် လူဦးရေ ၂၄၀၀ ခန့်နေထိုင်သည့် ကျေးရွာတစ်ရွာဖြစ်ပါကြောင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးသည့် အခါတွင် လက်ရှိသွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ၆၀ x ၃၀ ပေ မြေစိုက်ကျောင်းဆောင်အဖြစ် ဟောင်းနွမ်းဆွေးမြည့်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ရွာ၏ အစီအစဉ်နှင့် ပြုပြင်ဆောက်လုပ်ခြင်းများကိုလည်း ဆောင်ရွက်ထားသည်ကို တွေ့ရပါကြောင်း၊ ယင်း စာသင်ကျောင်းရှိ ကျောင်းသားဦးရေ ၁၇၈ ဦးနှင့် ပညာသင်ကြားနေပြီး KG အတန်းတွင် ၁၃၁ ဦးရှိသည့်အတွက် လွန်စွာများပြားပြီး အခန်းကြပ်သိပ်ပင်ပန်းဆင်းရဲစွာ စာသင်ကြားနေကြရပါကြောင်း၊ KG အတန်းတွင် နောက်ထပ် ၄၀ ဦးခန့်သည် မြို့ပေါ်ပရဟိတ ဘုန်းကြီးကျောင်းများတွင် သွားရောက်ပြီး ပညာသင်ကြားနေကြရပါကြောင်း၊ စာသင်ကြားပေးနေသည့် ကျောင်းဆရာ/မများ အနေဖြင့်လည်း ဆရာ/မ ၄ ဦး ခန့်သာရှိသည့်အတွက် ဆရာ/မ လုံလောက်မှုမရှိခြင်းကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ကျောင်းသုံးပရိဘောဂ၊ စားပွဲခုံ၊ ထိုင်ခုံများလည်းမရှိသည့် အတွက်ကြောင့် စာသင်ခုံမပြည့်အစုံဖြင့် စာသင်ကြားနေကြရပါကြောင်း၊ ယင်းစာသင်ကျောင်းသည် ၂၀၀၈ ခုနှစ်ခန့်က တိုင်းမှူးမှ လှူဒါန်းငွေ သိန်း ၄၀ ကျပ်၊ ပညာရေးဝန်ကြီးဌာနက ၂၂ သိန်းနှင့် ကျေးရွာ ပြည်သူများ၏ ထည့်ဝင်ငွေ သိန်း ၃၀ စုစုပေါင်း ၉၂ သိန်းနှင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ယင်းအဆောက်အဦမှာ ဟောင်းနွမ်းဆွေးမြည့်ပြီး ပညာရေးဝန်ကြီးဌာနက စစ်ဆေးခဲ့ပြီး အန္တရာယ်ရှိ အဆောက်အဦအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ပညာရေးဝန်ကြီးဌာနကို မေးမြန်းလိုသည်မှာ ယခင်က ဆောက်လုပ်ခဲ့သည့် အန္တရာယ်ရှိကျောင်းအား စံကိုက်ကျောင်းအဖြစ် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ စာသင်ကျောင်းအတွင်း ထိုင်ခုံ၊ ပရိဘောဂများ စုံလင်စွာ၊ လုံလောက်စွာချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဖွဲ့စည်းပုံအရ ပြည့်မီအောင် ဆရာ/မများ ဦးရေခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။