(ဇ)-မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်ရှိ သမဝါ ယမအသင်းပိုင် ဘုတ်စကူးကျောင်း အမည်ပေါက် အစိုးရ အထက်တန်း ကျောင်းဟောင်းမြေနှင့် အ ဆောက်အဦများအား ပညာရေး ဝန်ကြီးဌာနမှ ပြန်လည်ရရှိရေး မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-06-02

မေးခွန်း အကြောင်းအရာ 

u sein hanကမံမြို့ အထက်တန်းကျောင်းဟောင်း (ယခင် ဘုတ်စကူးကျောင်း)သည် ၁၉၄၅ ခုနှစ်တွင် မူလတန်းကျောင်းအဖြစ်လည်းကောင်း ၁၉၅၂ ခုနှစ်တွင် အထက်တန်းကျောင်းအဖြစ် လည်းကောင်း အဆင့်တင် တိုးမြှင့်ခဲ့ပါကြောင်း၊ ၎င်းကျောင်းမြေကို ၁၉၃၇-၁၉၃၈ ခုနှစ် မြေစာရင်းမြေပုံ မြေစာရင်း ပုံစံ(၁၀၅) (က)အရ ယနေ့အထိ ဘုတ်စကူးကျောင်းမြေအဖြစ် အမည်ပေါက်လျက်ရှိပါကြောင်း၊ ၁၉၇၄ ခုနှစ်တွင် ကျောင်းဆောင်သစ်ရွှေ့ပြောင်းပြီး မူလတန်းကျောင်းသားများကို ကျောင်းဆောင်ဟောင်းတွင် ထားရှိခဲ့ပါကြောင်း၊ ၁၉၇၅ ခုနှစ်တွင် ကျောင်းအုပ်ဆရာကြီး ဦးကိုကြီးနှင့် ပါတီယူနစ်ဥက္ကဋ္ဌ နှစ်ဦးတို့ သဘောဖြင့် ကျောင်းဆောင်ဟောင်းကို မြို့နယ်သမဝါယမအသင်းသို့ တစ်လလျှင် ၃၀၀ ကျပ်နှုန်းဖြင့် လ ၂၀ စာ ၆၀၀၀ ကျပ်ယူပြီး ကျောင်းဆောင်ဟောင်းကို သမဝါယအသင်းသို့ ငှားရမ်းခဲ့ပါကြောင်း၊

အဆိုပါကျောင်းဆောင်ကို လိုအပ်ချက်အရ ၁၉၉၅ ခုနှစ်ကနေစတင် ပြန်လည်တောင်းခံခဲ့ သော်လည်း အဆင်ပြေမှုမရှိခဲ့ပါကြောင်း၊  ၂၀၀၀ ပြည့်နှစတွင် မကွေးတိုင်းဒေသကြီး ပညာရေးမှူးနှင့် မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးတို့ တွေ့ဆုံညှိနှိုင်းရာတွင် ပညာရေးဌာန အတွင်း သမဝါယမအသင်းမှ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော အဆောက်အဦများကို ဖျက်ယူရန် (သို့) ပညာရေးဌာနကိုလှူရန် (သို့) ပညာရေးဌာနမှ ပေးမည့် ၃၅ သိန်းအား ယူရန် ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေခဲ့ပါကြောင်း၊  ၁၆-၈-၂၀၁၄ ရက်နေ့တွင် ကံမမြို့ အထွေထွေအုပ်ချုပ်ရေးရုံး၌ ပညာရေးဌာနနှင့် သမဝါယမအသင်းတို့ ညှိနှိုင်းရာ သမဝါယမ အသင်းဥက္ကဋ္ဌကိုယ်တိုင် ပညာရေးဌာနပိုင်ဖြစ်သည့်အတွက် ပြန်ပေးပါမည်ဟုလည်း ကတိပြုခဲ့ပါကြောင်း၊

၂၀၁၅ ခုနှစ် ပထမအကြိမ် ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြည်သူ့လွှတ်တော်သို့ မေးခွန်းမေးခဲ့ရာ ယခင် သမဝါယမဝန်ကြီး ဦးကျော်ဆန်း ကိုယ်တိုင် သမဝါ ယမဝန်ကြီးဌာနပိုင်မဟုတ်ကြောင်းနှင့် အောက်ခြေတွင် ညှိနှိုင်းရန် အကြောင်းပြန်ခဲ့ပါကြောင်းနှင့်  မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင်လာရောက်ညှိနှိုင်း သော်လည်း အဆင်မပြေဖြစ်ခဲ့ပါ ကြောင်း၊

ယခုအခါ ကျောင်းဆောင်ဟောင်းတွင် အရက်ဆိုင်၊ ဘီယာဆိုင်၊ ဆိုင်ခန်းများငှားရမ်းပြီး အခကြေးငွေကို နိုင်ငံတော်သို့ မသွင်းဘဲ လူနည်းစုကိုယ်ကျိုးအတွက် အသုံးပြုနေခြင်းသည် ကံမမြို့နယ် ကျောင်းသူကျောင်းသားများပညာသင်ကြားရေးကို အနိုင်ကျင့်နေခြင်းဖြစ်သည့်အပြင် ဘီယာ၊ အရက်ရောင်းခြင်းများသည် စာသင်ကျောင်း၊ ဘုရား၊ ဘုန်းကြီးကျောင်းများနှင့် ကိုက် ၃၀၀ အကွာတွင်ရှိရမည့် တည်ဆဲဥပဒေကိုလည်း ပြောင်ပြောင် တင်းတင်းချိုးဖောက်နေ ခြင်းဖြစ်ပါကြောင်း၊

ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနပိုင်မြေနှင့် အဆောက်အဦများကို ပြန်လည်ရရှိရန် မည်သို့ဆောင်ရွက်နေသည့် အခြေအနေကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။