(က)-ကျန်းမာရေးမှူးများ အပါအဝင် ပြည်သူ့ကျန်း မာရေးဝန်ထမ်းများအတွက် လုပ်ငန်းခွင်လုံခြုံမှု အ ကာအကွယ် ရရှိနိုင်ရေး၊ လုပ်ငန်းဆောင်ရွက်မှု ပိုမိုပီပြင်စေရေးအတွက် လိုအပ်သည့် ဥပဒေများ ကို ပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
အုပ်ချုပ်ရေးစနစ်သစ်ပြောင်းလဲလာသော ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်ကစပြီး နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေးတွင် ဘတ်ဂျက်များ ပိုမိုသုံးစွဲလာခဲ့ပါကြောင်း၊ လက်ရှိ ပြည်သူ့အစိုးရ လက်ထက်တွင်လည်း ကျန်းမာရေးကဏ္ဍကို အထူးအလေးထား ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေ ပြည်သူများ ဖြစ်ကြပြီး ကျန်းမာရေး စောင့်ရှောက်မှုကို အိမ်တိုင်ရာရောက် စောင့်ရှောက်ပေးနေရသူများမှာ ကျန်းမာရေးမှူးများ၊ သားဖွားဆရာမများနှင့် ကျန်းမာရေး ကြီးကြပ်များ ဖြစ်ကြပါကြောင်း၊ ထိုသို့ ကျေးလက်ဒေသများတွင် တိုက်နယ်ဆေးရုံများ ဖွင့်လှစ်ပြီး ကျေးလက်ပြည်သူများကို ဆေးခန်း ကုသမှု လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက် ပေးနေကြပါကြောင်း၊
မြန်မာနိုင်ငံတွင် ၁၉၆၉ ခုနှစ်ကစပြီး မကွေးမြို့ အခြေခံကျန်းမာရေးတက္ကသိုလ် (University Of Community Health) ကို ဖွင့်လှစ်ခဲ့ပါကြောင်း၊ ယင်းတက္ကသိုလ်မှ ဘွဲ့ရသူများကို ကျေးလက်ကျန်းမာရေးဌာန အသီးသီးတွင် ကျန်းမာရေးမှူးများအဖြစ် ခန့်အပ်တာဝန်ပေးပါကြောင်း၊ ကျေးလက် ကျန်းမာရေးဌာနခွဲများတွင် သားဖွားဆရာမများက ကြီးကြပ်ဆောင်ရွက်ကြပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျင့်သုံးလျက်ရှိသော ဥပဒေပေါင်း ၂၃ ခုခန့်ရှိသည်ဟု သိရပါကြောင်း၊ ယင်းဥပဒေများမှာ ကျေးလက်ဒေသ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ကိုင်နေကြသော ကျန်းမာရေးမှူးများ၊ အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် တိကျသော ဥပဒေနှင့် အကာအကွယ် ပေးထားခြင်းဖြစ်သည့် Standard Treatment Guideline ဆိုသည်မှာ မရှိဘဲ တာဝန်ထမ်း ဆောင်နေကြရသည်ဆိုသော ပြောဆိုသံများ ကြားရပါကြောင်း၊ ၎င်းတို့သည် ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးနေရသဖြင့် လုပ်ငန်းခွင် လုံခြုံရေးအတွက် ကာကွယ်ပေးသော ဥပဒေမရှိသည့်အတွက် တိကျသော ဥပဒေ အကာအကွယ် ရလိုကြပါကြောင်း၊ လက်ရှိအချိန်တွင် ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို လုပ်ကိုင်ပေးနေကြသော ကျန်းမာရေးမှူးနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းတို့က ဆေးကုသခွင့်ရှိ/မရှိ၊ ဆေးကုသခွင့်ရှိလျင် မည့်သည့်အတိုင်းအတာထိ ရှိသည်နှင့် မည်သို့ခွင့်ပြုထားသည်၊ ထိုသို့ခွင့်ပြုထားပါက မည်သည့်ဥပဒေ၊ အမိန့်၊ ကြော်ငြာစာများဖြင့် ခွင့်ပြုထားသည်၊ ဆေးကုသမှုကြောင့် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာပါက မည်သူက၊ မည်ကဲ့သို့ တာဝန်ယူ ဖြေရှင်းမည် ဆိုသည်တို့ကို ဥပဒေ ပြဋ္ဌာန်းပေးစေလိုပါကြောင်း၊
ယခုအခါ ကျန်းမာရေးမှူးများကောင်စီဥပဒေကို ပြဋ္ဌာန်းနိုင်ရေး ကြိုးစားနေသည်မှာ နှစ်နှစ်ခန့် ရှိပြီဖြစ်သော်လည်း တစ်စုံတစ်ရာ ထူးခြားမှု မရှိသေးပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးကို အနီးကပ်စောင့် ရှောက်ပေးနေကြသည့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအတွက် တိကျသော ဥပဒေပြဋ္ဌာန်းရန် လိုအပ်နေပြီး ဥပဒေပြဋ္ဌာန်းထားပါမှ ၎င်းတို့အတွက် လုပ်ငန်းခွင်လုံခြုံမှု ရှိမည်ဖြစ်ပြီး လုပ်ငန်းခွင်တွင် ဆေးကုသမှုကြောင့် မတော်တဆမှုများ ဖြစ်ပါကလည်း မည်ကဲ့သို့ တာဝန်ယူဖြေရှင်းရ မည်ကို တာဝန်ထမ်းဆောင်သူအား နားလည်သဘောပေါက်ကြမည်ဖြစ်ပါကြောင်း၊
ထို့ကြောင့် ကျန်းမာရေးမှူးများအပါအဝင် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအတွက် လုပ်ငန်းခွင်လုံခြုံမှု အကာအကွယ် ပေးနိုင်ရေး အတွက်လည်းကောင်း၊ လုပ်ငန်းဆောင်ရွက်မှု ပိုမိုပီပြင်စေရန် အတွက်လည်းကောင်း လိုအပ်သည့် ဥပဒေများကို ပြဋ္ဌာန်းပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ် မရှိသေးပါက ၎င်းတို့အတွက် လိုအပ်သည့်ဥပဒေများကို ပြဋ္ဌာန်းပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။