(ခ)-ခေါင်လန်ဖူးမြို့နယ်၊ ခေါင်လန်ဖူး-ညီတားဒီ လမ်းအတွင်း သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးခဲ့ရသော လမ်း၊တံတားများအား အမြန်ဆုံး ပြုပြင်ပေးရန်နှင့် ညီတားဒီကျေးရွာအထိ ရာသီမ ရွေး သွားလာနိုင်သည့်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2017-06-07

မေးခွန်း အကြောင်းအရာ 

u ar moe siခေါင်လန်ဖူးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်ပြီး မြန်မာနိုင်ငံမြောက်ဘက် အကျဆုံးတွင် တည်ရှိကာ ၂၀၈၁.၃၉ စတုရန်းမိုင် ကျယ်ဝန်းပါကြောင်း၊ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၄၈၆၀ တွင် တည်ရှိပြီး မိုးများသည့် ဒေသ ဖြစ်သည့်အတွက် နှစ်စဉ်လမ်း၊ တံတားများ ပျက်စီးမှုများပြီး သွားလာရေး ခက်ခဲမှုများစွာ တွေ့ကြုံနေရပါကြောင်း၊ ခေါင်လန်ဖူးမြို့နယ်တွင် လမ်းဦးစီးဌာနမှ တာဝန်ယူဖောက်လုပ် ထိန်းသိမ်းနေသည့် အဓိကလမ်း လေးခုရှိသည့်အနက် ပူတာအို-မကွေဆက်-ခေါင်လန်ဖူးလမ်း မိုင် ၁၃၀ ကျော်နှင့် ခေါင်လန်ဖူး-ညီတားဒီလမ်း ၅၅ မိုင်တို့သည် လူဦးရေ ၉၀  ရာခိုင်နှုန်းကျော် အသုံးပြုနေသည့် လမ်းဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် ခေါင်လန်ဖူး-ညီတားဒီလမ်း (၅၅ မိုင်) အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုပြီးရေကြီးခြင်း၊ ကမ်းပါးပြိုခြင်းများ ဖြစ်ပေါ်ခဲ့သည့်အတွက် အဆိုပါ လမ်းတစ်လျှောက် လမ်း၊ တံတား ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့ပြီးနောက် အချို့နေရာများတွင်သာ အနည်းအကျဉ်း ပြုပြင်ပြီး လမ်း၊ တံတား ပျက်စီးမှုပိုင်း အများစုကို ယနေ့အထိ ပြုပြင်မှု မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ကျောင်းသူ ကျောင်းသားများ သွားလာရေးတွင် အခက်အခဲများစွာ ကြုံတွေ့နေရပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ ခေါင်လန်ဖူး-ညီတားဒီလမ်းတွင် ရန်ပုံငွေ ၃၄၁.၂၀ သန်းဖြင့် ၁၂ ပေအကျယ် လမ်းချဲ့ခြင်း ၈ မိုင်၊ အတိုလမ်းကူး ချိုးတံတား ၅ စင်း၊ ၆ ပေ အကျယ် သစ်သား တံတား ၁၅ စင်း၊ ကျောက်တောင်နံရံချဲ့၍ လမ်းမျက်နှာစာပြုပြင်ခြင်း ၅ မိုင် တို့ကို ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ဖော်ပြထားသော်လည်း အမှန်တကယ် မြေပြင်တွင် ၅၀ ရာခိုင်နှုန်းအပြင် ပြီးစီးမှုမရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ ဖြေကြားချက်နှင့် မြေပြင်ပေါ်တွင် ကွဲလွဲချက်များစွာ ဖြစ်ပေါ်နေသည့်အတွက် ဝန်ကြီးဌာန အနေဖြင့် ကွင်းဆင်း စစ်ဆေးပေးရန်လည်း တင်ပြလိုပါကြောင်း၊

          သို့ဖြစ်ပါ၍ မြို့နယ်အတွင်း အရေးကြီးပြီး ပြည်သူလူထု အများဆုံး အသုံးပြုနေသည့် လမ်း ဖြစ်သော ခေါင်လန်ဖူး-ညီတားဒီလမ်း (၅၅ မိုင်)အတွင်း သဘာဝေ ဘးအန္တရာယ်ကြောင့် ပျက်စီးခဲ့ရသော လမ်း၊ တံတားများ အမြန်ဆုံး ဖောက်လုပ်ပြုပြင်ပေးရန်နှင့် ညီတားဒီကျေးရွာထိ ရာသီမရွေး သွားလာနိုင်သည့်လမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။