(က)-မတူပီမြို့တွင် ၆၆ KV မဟာ ဓါတ်အားလိုင်း သွယ်တန်းပေးရေး အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
၁၉၉၂ ခုနှစ်တွင် မတူပီမြို့၌ အသေးစားနတ်မောင်ချောင်း ရေအားလျှပ်စစ်ကို ပြီးစီးဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော်လည်း ၎င်းနတ်မောင်ချောင်းရေအားလျှပ်စစ်က အိမ်ခြေ ၃၀၀ ခန့်ကိုသာ မီးပေးနိုင်ခဲ့ပါကြောင်း၊ ထို့နောက် ၂၀၀၇ ခုနှစ်တွင် ဘုံကလာရေအားလျှပ်စစ်ကို တည်ဆောက်ခဲ့ပါကြောင်း၊ သို့သော် ၎င်းဘုံကလာ ရေအား လျှပ်စစ်သည် စစ်ဗျူဟာနှင့် တပ်ရင်းများအတွက်သာ အဓိကရည်ရွယ်ပြီးတည်ဆောက်သည့်အတွက် အစပိုင်းတွင် မြို့ကိုလျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် မြို့တွင်းကိုလုံးဝမီးမပေး နိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိတို့မတူပီမြို့သည် ကိုယ်ထူကိုယ်ထဖြင့် မီးစက်၊ ဆိုလာမီးစသည်တို့ဖြင့် အသုံးပြုလျက်ရှိပါကြောင်း၊ ထို့ကြောင့် မတူပီမြို့သည် မဟာဓတ်အားလိုင်းရရှိရေးနှင့်ပတ်သက်ပြီး ၂၀၁၆ ခုနှစ်တွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလာမင်းထန်က မေးမြန်းထားပြီးဖြစ်ပါကြောင်း၊ သို့သော် ပြည်ထောင်စုဝန်ကြီးက ချင်းပြည်နယ်(တောင်ပိုင်း)၊ မင်းတပ်မြို့တွင် မဟာဓာတ်အားလိုင်းရရှိပြီးနောက်ပိုင်း တစ်ဆက်တစ်စပ်တည်း နိုင်ငံတော၏ ငွေလုံးငွေရင်းကိုချပေးမည်ဟု ကတိကဝတ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့ပေမဲ့ ၂၀၁၇ ခုနှစ် ၁ လပိုင်းတွင် မင်းတပ်မြို့၌ မဟာဓာတ်အားလိုင်း ရရှိပြီးဖြစ်သည့်အတွက် ၂၀၁၇-၁၈ ခုနှစ် ဘတ်ဂျက်တွင် မီးရရှိရေးအတွက် များစွာမျှော်လင့်ခဲ့ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် Survey လုပ်ရန် ကျပ်သန်း ၅၀ သာ ကျသည့်အတွက် မိမိတို့၏ မျှော်လင့်ချက်များက များစွာယုတ်လျော့ပျက်စီးသွားခဲ့ပါကြောင်း။
မတူပီမြို့တွင် လျှပ်စစ်မီးမရရှိသည့်အတွက် အဓိကလိုအပ်ချက်ဖြစ်သော အသေးစားစက်မှုလက်မှုလုပ်ငန်းတွင် ကားဝပ်ရှော့ကအစ လည်ပတ်နိုင်ရန် အခက်အခဲများစွာ ဖြစ်စေပါကြောင်း၊ မတူပီမြို့ကို Cabinet က ခရိုင်မြို့အဆင့်တိုးမြှင့်ရန်ု ဆုံးဖြတ်ထားသည်ဟု ကြားသိရပါကြောင်း၊ သို့သော် မီးမရရှိသည့်အခါ ရုံးပိုင်းဆိုင်ရာလည်ပတ်နိုင်ရန်အတွက် သော်လည်းကောင်း၊ အခြားအတွက်သော်လည်းကောင်း များစွာအခက်အခဲ ရှိသည့်အတွက် မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုအဆင်ပြေချောမွေ့စေရန်အတွက် 66 KV မဟာဓာတ်အား လိုင်းကို အမြန်ဆုံးသွယ်တန်းနိုင်ရန်အတွက် နိုင်ငံတော်မှငွေလုံးငွေရင်းချပေးနိုင်ပါရန် အစီအစဉ်ရှိ/ မရှိ သိရှိလို ပါကြောင်း မေးမြန်းပါသည်။