(ခ)-လေရှီးမြို့နယ်ရှိ ကျေးရွာများ လျှပ်စစ်မီးရရှိ ရေးအတွက် နန်ဝန်ချောင်းနှင့် နန်းသလက်ချောင်း များတွင် အသေးစားနှင့် အလတ်စား ရေအား လျှပ် စစ်ဓါတ်အား ထုတ်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-06-08

မေးခွန်း အကြောင်းအရာ 

u kyaw htayလေရှီးမြို့နယ်သည် ဆင်းရဲသော ဒေသဖြစ်သည့်အတွက် ဒေသခံပြည်သူများမှာ လှေကားထစ် လယ်ယာနှင့် ရွှေ့ပြောင်း တောင်ယာစနစ်အဖြစ်သာ အသက်မွေးဝမ်းကျောင်း ပြုနေရသည့်အတွက် နှစ်စဉ်သစ်တောများ ပြုန်းတီးနေရခြင်း၊ မီးဖိုချောင်သုံး ချက်ပြုတ်ရေးနှင့် ညဘက် အလင်းရောင် ရရှိရေးအတွက်ပါ ထင်ရှူးနှင့် အခြားသစ်ဝါးများကိုသာ အသုံးပြုနေရခြင်းတို့ကြောင့် တစ်နှစ်ထက် တစ်နှစ် သစ်တောများ ပိုမိုပြုန်းတီးလာကာ ရာသီဥတုပြောင်းလဲမှုကို သိသိသာသာ ခံစားနေကြရပြီဖြစ်ပါကြောင်း၊ ဆက်လက်၍ ယခုကဲ့သို့ ထင်းမီးကိုသာ မှီခိုနေရမည်ဆိုပါက သစ်တောပြုန်းတီးမှု ပိုမို ဆိုးရွားလာမည်ဖြစ်ပြီး ထင်းခွေရန်ပင် ခက်ခဲလာမည်ဖြစ်ပါကြောင်း၊ လေရှီးတစ်မြို့နယ်လုံးတွင် မြို့ပေါ်၌ အိမ်ခြေ ၂၀ ခန့် ရှိသည့် ရွာလေးတစ်ရွာသာ လျှပ်စစ်မီးရရှိပြီး ကျန်ကျေးရွာအားလုံး လျှပ်စစ်မီး လုံးဝမရှိသေးပါကြောင်း၊ ထို့ကြောင့်  အနာဂတ်လူ့အရင်းအမြစ်ဖြစ်သော ကျောင်းသားကျောင်းသူများ၏ ပညာရေးအတွက်လည်း အရေးတကြီး လိုအပ်နေပါကြောင်း၊

နန်ဝန်ချောင်းရေအား လျှပ်စစ်ထုတ်လုပ်မည့် နေရာတွင် ဒေသခံများနှင့် ဌာနဆိုင်ရာများ ကွင်းဆင်းပြီး ရေထုတ်မည့်နေရာကို ဦးစားပေး(၁) နှင့်သာ လျာထားရမည်ဖြစ်ပါကြောင်း၊ ရေအားလျှပ်စစ် ထုတ်မည်ဆိုပါက လေရှီးမြို့နယ်၏ လူဦးရေ အထူထပ်ဆုံး နေရာဖြစ်သည့်အတွက် မြို့နယ်လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်သည် လျှပ်စစ်မီးရရှိမည် ဖြစ်ပါကြောင်း၊

နန်းသလက်ချောင်း တည်နေရာကို ကွင်းဆင်းထားခြင်း မရှိသေးသော်လည်း ထုတ်လုပ်၍ရသည့် အခြေအနေ ရှိပါကြောင်း၊ ကျွမ်းကျင်ပညာရှင်များနှင့် ကွင်းဆင်းရွေးချယ် မည်ဆိုပါက အကောင်းဆုံး ဖြစ်ပါကြောင်း၊ ၎င်းချောင်းတွင် ထုတ်မည်ဆိုပါက စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း မြို့နယ်အားလုံး နီးပါး ဖြန့်ဖြူးပေးနိုင်သည့် မဂ္ဂါဝပ်ရရှိနိုင်သည့် ရေပမာဏရှိနေပါကြောင်း၊

အခြားအရပ်ဒေသများတွင် ရေကာတာတစ်ခု တည်ဆောက်မည်ဆိုပါက လယ်ယာမြေ၊ ဥယျာဉ်ခြံနှင့် သစ်တောများ ရေမြုပ်ပြီး သဘာဝပတ်ဝန်းကျင်ကို များစွာထိခိုက်သည့်အတွက် ကန့်ကွက်သည့် အသံများ ဦးစွာကြားရလေ့ရှိပါကြောင်း၊ လေရှီးမြို့နယ်ရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် နန်ဝန်ချောင်းနှင့် နန်းသလက်ချောင်းများတွင် အသေးစားနှင့် အလတ်စား ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။