(ဃ)-ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၌ 33/11 K.V,3MVA ဓါတ်အားခွဲရုံအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တည်ဆောက် ပေးနိုင်ခြင်းရှိ/ မရှိနှင့် N.E.P စီမံချက် အတိုင်း လုပ်ဆောင်နိုင်ခြင်း ရှိ/မရှိ တို့ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ကျောက်ကြီးမြို့နယ် မုန်းမြို့သို့ ဖြူးဓာတ်အားခွဲရုံမှ ၂၀-၇-၂၀၁၅ ရက်နေ့တွင် လျှပ်စစ်သွယ်တန်း နိုင်ခဲ့ပါကြောင်း၊ သွယ်တန်းထားသော လျှပ်စစ်ဗို့အားလိုင်းမှာ 11 KV ဖြစ်ပြီး ရယူထားသော လျှပ်စစ်ဓာတ်အားခွဲရုံ အမည်မှာ 33/11 KV 10 MVA ဖြူးဓာတ်အားခွဲရုံ ဖြစ်ပါကြောင်း၊ ဖြူးမြို့လျှပ်စစ် ဓာတ်အားခွဲရုံမှ မုန်းမြို့ အမှတ်(၄) ရပ်ကွက် ထရန်စဖော်မာအထိ အလျား ၁၈.၇၃ မိုင်ကွာဝေးပါကြောင်း၊
မုန်းမြို့တွင် လျှပ်စစ်ဌာနပိုင် မြေနေရာနှင့် လျှပ်စစ်ဌာနပိုင် ၂၀၀ ကေဗွီအေ ထရန်စဖော်မာ သုံးလုံးရှိပြီး ကိုယ့်အားကိုယ်ကိုး ကျေးရွာမီးလင်းရေးပိုင် ၂၀၀ ကေဗွီအေ ထရန်စဖော်မာ နှစ်လုံးလည်း ရှိပါကြောင်း၊ ၃၁-၁၂-၂၀၁၆ ရက်နေ့အထိ လက်ရှိမီးသုံးစွဲသူဦးရေမှာ ၁၀၅၈ ဦးရှိပါကြောင်း၊ မုန်းဒေသအတွင်း ကျေးရွာအုပ်စု ၁၃ အုပ်စုနှင့် ကျေးရွာအပေါင်း ၄၉ ရွာရှိပြီး မီးသုံးစွဲနိုင်မည့် လူဦးရေမှာ ၈၉၀၀ ခန့်ရှိပါကြောင်း၊ နိုင်ငံတော် NEP စီမံချက်အရ မုန်းဒေသအတွင်း မီးလင်းနိုင်ရေးအတွက် မုန်းမြို့၌ 33/11 KV 3 MVA ဓာတ်အားခွဲရုံတစ်လုံး လိုအပ်လျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများကလည်း လျှပ်စစ်မီးလင်းနိုင်ရေးအတွက် တောင်းဆိုနေကြ ပြီဖြစ်ပါသောကြောင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် မုန်းမြို့၌ 33/11 KV 3 MVA ဓာတ်အားခွဲရုံအား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိနှင့် NEP စီမံချက်အတိုင်း လုပ်ဆောင် နိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။