(က)-စိုင်ပြင်-နှောနတ်နန်း (၁၃) မိုင်အပြင် ခရိုင် ချင်းဆက်လမ်းအထိ ကျောက်ချောလမ်းအဆင့်သို့ မြှင့်တင်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2017-06-12

မေးခွန်း အကြောင်းအရာ 

win myint aung၂၀၀၄ ခုနှစ်က အင်ကြင်း-သပိုးဆည်တည်ဆောက်ရန်အတွက် ဆည်မြောင်းဦးစီးဌာနက တစ်ကြောင်းထိုး ဖောက်သွားသည့် စိုင်ပြင်-နှောနတ်နန်းလမ်း ဖြစ်ပါကြောင်း၊ မိုးရာသီ၌ ဒီပဲယင်းမြို့နယ် စိုင်ပြင်-နှောနတ်နန်းလမ်း အခြေအနေသည် အလွန်ဆိုးရွားပါကြောင်း၊ ယခု ဆယ်စုနှစ် တစ်ခုကျော်သည်အထိ ၎င်းလမ်းကို မြေဖို့ခြင်း၊ ကျောက်ခင်းခြင်း၊ ကျောက်ဖို့ခြင်း ပြင်ဆင်ခြင်းများ လုံးဝ မရှိခဲ့ပါကြောင်း၊ ၂၀၀၉-၂၀၁၀ ခုနှစ်တွင် နှောကျေးရွာ ငါးအုပ်စုက ကျေးရွာနေ ပြည်သူလူထုက စုပေါင်းပြင်ဆင်ရန် ကြိုးစားခဲ့သော်လည်း ရန်ပုံငွေများ ပျောက်ပျက်သွားပြီး မအောင်မြင်ခဲ့ပါကြောင်း၊ လမ်းမှာ ၁၃ မိုင်ဖြစ်သော်လည်း ပျက်စီးနေသဖြင့် နာရီဝက်ခန့် သွားရမည့်ခရီးကို ၆ နာရီ၊ ၇ နာရီမှ ၈ နာရီအထိ သွားနေကြရပါကြောင်း၊

ခြောက်သွေ့ရာသီတွင် မိုးတွင်းကဖြစ်ခဲ့သော ကျင်း၊ ချိုင့်များသည် တစ်လမ်းလုံး တစ်ဆက်တစ်စပ်တည်း ရှိနေသည့်အတွက် ဆိုင်ကယ်များအတွက် ပြဿနာ မရှိနိုင်သော်လည်း ကားများအတွက် မြေကြီးနှင့် မလွတ်ဘဲ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် ၎င်းလမ်းကို ရာသီမရွေး သွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် ပြုပြင်ဆောင်ရွက် ပေးသင့်ပါကြောင်း၊ စိုင်ပြင်-နှောနတ်နန်းလမ်းအတွင်းရှိ လမ်းမှာ ချောင်းကြီး၊ ချောင်းငယ်များလည်း မရှိသည့်အတွက် တံတားကြီး၊ တံတားငယ်များလည်း ဆောက်လုပ်ရန် မလိုအပ်ပါကြောင်း၊ စိုင်ပြင်-နှောနတ်နန်းလမ်းကို အဓိကထားပြီး ပြင်ဆင်လိုက် မှသာ လမ်းပန်း ဆက်သွယ်ရေးအတွက် ပိုပြီး ကောင်းမွန်လာမည် ဖြစ်ပါကြောင်း၊ ဆည်လယ်နတ်နန်း၏ မြောက်ဘက် သရက်ရွာမှ သွားပါက မိမိတို့ ဒီပဲယင်းမြို့အထိ လည်း သွား၍ရပါကြောင်း၊ ဆည်လယ်ဒါ၏ အနောက်ဘက်တွင် ဆည်တောမှ ရေဦးမြို့နယ် အိုက်၊ သဲသောင်ပြင်၊ ပလူပဝ ဘက်ကို ရောက်ရှိမည်ဖြစ်ပါကြောင်း၊

ပလူပဝရွာတွင် ကနီနယ်၊ ဝန်မနားရွာမှ တောင်မြောက်ခရိုင်ချင်း ဆက်သွယ်ထားသော အမှတ်(၄) ခရိုင်ချင်း ဆက်သွယ်ထားသော လမ်းမကြီးနှင့်လည်း ချိတ်ဆက်မိသွားပြီး ပျဉ်း-ကိုင်း-ကလေးဝ ဆက်သွယ်ထားသော လမ်းကို ရောက်ရှိပြီး ချိတ်ဆက်မိမည်ဖြစ်ပါကြောင်း၊ ဆည်လယ်-နှောနတ်နန်းလမ်း၏ အနောက်တောင်ဘက်ရှိ ပိတ်ချင်းတော-ဆပ်လူးမှ ကနီမြို့နယ်ထဲကို ရောက်မည်ဖြစ်ပါကြောင်း၊ ဆည်လယ် -နှောနတ်နန်းလမ်း၏တောင်ဘက် အင်ကြင်း၊ သပိုးမှ ဘုတလင်မြို့ မောက်တက်၊ ကူတော်တို့ကို မြို့နယ်ချင်းဆက်လမ်းများမှာ ချိတ်ဆက်မိမည် ဖြစ်ပါကြောင်း၊

စီးပွားရေးအရ အကျိုးဖြစ်ထွန်းမှုများမှာ နှောကျေးရွာအုပ်စု ၁၇ ရွာရှိ မိဘပြည်သူများ၏ အဓိက စိုက်ပျိုးသော ထွက်ကုန် ပဲစိမ်းငုံ၊ ဇီး၊ နှမ်း၊ မြေပဲတို့ကို ဈေးကွက်ရှိရာ စိုင်ပြင်-မုံရွာသို့ ပို့ဆောင်သည့်အခါ ဝန်ဆောင်စရိတ်များလည်း လျော့ကျသွားမည်ဖြစ်ပြီး ဈေးကွက်သို့ အချိန်နှင့် တစ်ပြေးညီ ကုန်ပစ္စည်းများ ရောက်ရှိသွားမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးအရလည်း ပိုမိုသက်သာ လွယ်ကူစွာဖြင့် လူနာများကို စိုင်ပြင်၊ ဘုတလင်၊ မုံရွာဆေးရုံများကို အလျင်အမြန် ပို့နိုင်မည် ဖြစ်ပါကြောင်း၊ ဘုတလင်မြို့နယ်ထဲရှိ ဝက်ပုတ်၊ နှောပင်ကြီး၊ ချောင်းမိတို့၊ မတိုင်ကျင်း စသည့် ကျေးရွာများမှ မိဘပြည်သူများလည်း ၎င်းလမ်းကို ဆက်သွယ်အသုံးပြုနေရပါကြောင်း၊ ပညာရေး ဝန်ထမ်းများ အပါအဝင် ဌာနပေါင်းစုံမှ ဝန်ထမ်းများအားလုံးလည်း သွားရောက် တာဝန်ထမ်းဆောင်ရာ တွင် ပို၍ အဆင်ပြေချောမွေ့သွားမည်ဖြစ်ပါကြောင်း၊

သို့ပါ၍ သက်ဆိုင်ရာလမ်းဦးစီးဌာနမှ စိုင်ပြင်-နှောနတ်နန်းလမ်း ၁၃ မိုင် လမ်းကို ရာသီမရွေး သွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် ယခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ဆည်လယ်-နှောနတ်နန်းလမ်းမှ ဆည်တောကိုဖြတ်ပြီး ခရိုင်ချင်းဆက်လမ်းအထိ ကျောက်ချောလမ်းကို တစ်ပါတည်း ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။