(ခ)-ဒက္ခိဏသီရိမြို့နယ်ကိုင်းပလွေးသစ်တောကြိုး ဝိုင်း၊ စိန်တစ်လုံးသရက်ဇုန်စီမံကိန်းအတွက် သိမ်း ယူခဲ့သည့် အဖွဲ့အစည်းများညှိနှိုင်းကာ ဥပဒေ၊နည်း ဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် အ စီအစဉ် ရှိ/ မရှိ တို့နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-06-12

မေးခွန်း အကြောင်းအရာ 

thant zin tunနေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်တွင် ကိုင်း/ပလွေ သစ်တောကြိုးဝိုင်း၊ ကွင်းအမှတ်(၁၊ ၂၊ ၃၊ ၈၊ ၉ နှင့် ၁၉) တို့ကို ဖျက်သိမ်းပြီး စိန်တလုံး သရက်ဇုန် စီမံကိန်းကို ပြီးခဲ့သည့် အစိုးရက ၂၀၁၁ ခုနှစ်တွင် အကောင် အထည်ဖော်ခဲ့ပါကြောင်း၊ ယခင်ဗဟိုအဖွဲ့အစည်း၏ လုပ်ကိုင်ခွင့်ပြုခြင်းဖြင့်လည်းကောင်း၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ကြိုတင်ခွင့်ပြုခြင်းဖြင့် လည်းကောင်း၊ ရွှေကဲရင်းကျေးရွာအုပ်စု ကွင်းအမှတ်( OSS- ၂၀၈၁၊ ၂၀၈၂၊ ၂၀၈၃၊ ၂၀၈၄၊ ၂၀၈၅၊ ၂၀၈၆၊  ၂၀၈၇၊ ၂၀၈၈ နှင့် ၂၀၈၉) များအဖြစ် သတ်မှတ်ကာ ပုဂ္ဂလိကနှင့် ကုမ္ပဏီအဖွဲ့အစည်း  ၆၉ ဦးအား လုပ်ကိုင် ခွင်‌့ပြုခဲ့သည်ကို သိရှိရပါကြောင်း၊ လုပ်ကိုင်ခွင့်ပြုခဲ့သော ဧရိယာ စုစုပေါင်းမှာ ၄၇၇၂.၀၀ ဧက ဖြစ်ပါကြောင်း၊   ခွင်‌့ပြုသော လုပ်ငန်း အမျိုးအစားများမှာ ဟင်းသီးဟင်းရွက်၊ သရက်၊ မွေးမြူရေးနှင့် ကျွန်းစသည်တို့ ပါဝင်ပါကြောင်း၊ ၂၀၁၁ ခုနှစ် စိန်တလုံးသရက်ဇုန်စီမံကိန်း အကောင်အထည် မဖော်ခင် အချိန်က အဆိုပါ မြေများပေါ်တွင် ဒေသခံတောင်သူများ လုပ်ကိုင်နေသော လယ်ယာမြေများ ရှိခဲ့ပါကြောင်း၊ ဒေသခံတောင်သူများသည် အဓိကအားဖြင့် ကြံစိုက်ပျိုးကြပြီး ၂၀၀၅ ခုနှစ်အထိ မြန်မာ့ကြံလုပ်ငန်းသို့ နှစ်စဉ်တင်သွင်း ခဲ့ရပါကြောင်း၊ လုပ်ကိုင်ခွင်‌့ရ ပုဂ္ဂလိကနှင်‌့ ကုမ္ပဏီ အဖွဲ့အစည်းများအနက် အချို့အား မူလလုပ်ကိုင်နေသူ ဒေသခံတောင်သူများအား ထိုက်သင်‌့သော နစ်နာကြေးနှင့် ထောက်ပံ့ကြေးများ ပေးခြင်း၊ အချို့အား နစ်နာကြေးနှင့် ထောက်ပံ့ကြေးပေးမှု မရှိခြင်းနှင့် အချို့သည် နစ်နာကြေး၊ ထောက်ပံ့ကြေးပေးမှု မရှိသည့်အပြင် တရားစွဲဆို ထောင်ကျစေခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြပါကြောင်း၊

အဆိုပါ စီမံကိန်းကြောင့် ဒေသခံတောင်သူများ လုပ်ကိုင်စားသောက်နေသော လယ်ယာမြေ အမြောက်အများ သိမ်းဆည်းခံရခြင်းကြောင့် ကျေးလက်နေ ဒေသခံပြည်သူများ၏ လူမှုဘဝများကို များစွာ ဆင်းရဲဒုက္ခ ရောက်စေခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ် စက်တင်ဘာလအထိ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီနှင့် ပုဂ္ဂလိကတို့၏ စီမံကိန်း အကောင်အထည်ဖော်မှုမှာ ၃၀၂၃.၉၁ ဧက ဖြစ်ပြီး ဆောင်ရွက်ရန် ကျန်ရှိသော ဧရိယာမှာ ၁၇၄၈.၈၉ ဧက ဖြစ်ပါကြောင်း၊ အဆိုပါ စာရင်းဇယားနှင်‌့ အကောင်အထည်ဖော် ပြီးစီးမှု ဧရိယာမှာ လက်ရှိမြေပြင်တွင် ဖော်ပြပါထက် လျော့နည်းနိုင်ပါကြောင်း၊

ထို့ကြောင့် သိမ်းဆည်းခံ မြေများနှင်‌့ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းအနေဖြင့် အကျိုးသက်ဆိုင်သူ မူလလုပ်ကိုင်ခဲ့သည့် တောင်သူများ နစ်နာမှု မရှိစေရေးအတွက် လုပ်ကိုင်ခွင်‌့ရ သိမ်းယူခဲ့သည့် ပုဂ္ဂလိကနှင့် ကုမ္ပဏီ အဖွဲ့အစည်းများနှင်‌့ ညှိနှိုင်းကာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အဆိုပါ စီမံကိန်းသည် ဒေသအတွက် အကျိုးပြု၊ မပြု နှင့် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း ရ/မရတို့ကို စိစစ်၍ လိုအပ်သော အရေးယူဆောင်ရွက်မှုများ ဖြေရှင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ဆောင်ရွက်ရန် ကျန်ရှိသော ဧရိယာရှိမြေများနှင်‌့ သိမ်းဆည်းမခံခဲ့ရ၍ ယနေ့တိုင် ဒေသခံတောင်သူများ စိုက်ပျိုးလုပ်ကိုင်နေသော လယ်ယာမြေများအား ဒေသခံတောင်သူများကို တရားဝင် လယ်ယာမြေ လုပ်ကိုင်ခွင့် သို့မဟုတ် သစ်တောဦးစီးဌာနနှင်‌့ အကျိုးတူ လုပ်ကိုင်ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ စသည်တို့ကို သိရှိလိုကြောင်း မေးမြန်းပါသည်။