(ဂ)-စေတုတ္တရာမြို့နယ်တွင် ကြီးအုံကြီးဝတမံပိတ် မှုကြောင့် ဒေသခံတောင်သူများ စားဝတ်နေရေး ဒုက္ခရောက်နေမှုအား ဥပဒေနှင့်အညီ နစ်နာကြေး၊ လျော်ကြေး၊ အစားထိုးမြေယာဖော်ဆောင်ပေးရန် အစီအစဉ်ရှိ/ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2017-06-12

မေးခွန်း အကြောင်းအရာ 

kyaw aung lwinစေတုတ္တရာမြို့နယ်သည် မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးမြို့နယ်ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး အနောက်ခြမ်းတွင်တည်ရှိပြီး မြို့နယ်၏ အနောက်‌မြောက်ဘက်မှ အရှေ့တောင်ဆုံးထိ မုန်းချောင်းက ဖြတ်သန်းစီးဆင်းပါကြောင်း၊ စေတုတ္တရာမြို့၏အထက် နှစ်မိုင်ခန့်အကွာတွင် မုန်းချောင်း ရေလှောင်တမံကြီး တည်ဆောက် ထားပါကြောင်း၊ စေတုတ္တရာမြို့၏ အောက်ဘက် မိုင် ၂၀ ခန့်အကွာတွင် မုန်းချောင်းကိုပိတ်ပြီး ကြီးအုံကြီးဝတမံကြီး တည်ဆောက်ထားရှိပါကြောင်း၊ ၎င်းတမံနှစ်ခု၏ ရေဝပ်ဧရိယာတွင် ရွာ ၃၁ ရွာနှင့် လယ်ယာ၊ ဥယျာဉ်၊ ခြံမြေ ဧက ၇၀၀၀ ခန့် နစ်မြုပ်ခဲ့ပါကြောင်း၊ ကြီးအုံကြီးဝတမံရေဝပ် ဧရိယာအဖြစ် စေတုတ္တရာမြို့၏ တောင်ဘက်သုံးမိုင်အကွာ မြေနီကုန်းကျေးရွာမှ ကြီးအုံကြီးဝတမံအထိ ၁၇ မိုင်ခန့် သတ်မှတ်ထားပါကြောင်း၊

၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ကြီးအုံကြီးဝတမံကို စတင်ပိတ်ခဲ့ရာတွင် ရေမြုပ်ဧရိယာ မပါဝင်သည့် စေတုတ္တရာမြို့အနီး ပတ်ဝန်းကျင်ရှိ လယ်ယာဧက ၁၂၀၀ ခန့် နှမ်းခင်း၊ ပဲခင်း၊ စပါးခင်းများနစ်မြုပ် ပျက်စီးခဲ့ပါကြောင်း၊ တမံစတင်ပိတ်သည်မှ ပြီးခဲ့သည့်နှစ် ၂၀၁၆ ခုနှစ်အထိ မိုးတွင်းကာလရောက်တိုင်း စေတုတ္တရာဝန်းကျင် လယ်ယာမြေများသည် တမံရေပြင်ကြီးအောက်တွင် နစ်မြုပ်ပြီး နှစ်စဉ်သီးနှံများလည်း ပျက်စီးခဲ့ပါကြောင်း၊ ဒေသခံဆင်းရဲသား တောင်သူများသည် လုပ်ကိုင်စားသောက်စရာ မြေမရှိသည့်အတွက် အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး အဆင်အပြေမှုများ ရှိနေကြပါကြောင်း၊ တောင်သူများသည် ပညာမတတ်ခြင်း၊ ငွေအရင်းအနှီး မရှိခြင်းတို့ကြောင့် လယ်ယာဟာသူတို့၏ ဘဝသည် လယ်ယာလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်စားသောက် တတ်ကြပါကြောင်း၊ ယခုကဲ့သို့ ခြောက်နှစ်ခန့် လယ်ယာများနစ်မြုပ်၊ သီးနှံများအကြိမ်ကြိမ်ပျက်စီး၊ ပုံစံ(၇) ထုတ်မပေး၍ ချေးငွေများလည်း မရရှိခြင်း၊ နိုင်ငံတော် အကျိုးအတွက် စီမံကိန်းများ လုပ်ဆောင်ရာတွင် ပြည်သူများအတွက် ပြန်လည်ကုစား လုပ်ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၃၅၆ တွင် နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိ ပိုင်ဆိုင်ထားသော၊ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်ဟု ပါရှိပါကြောင်း၊ ထို့ကြောင့် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်တွင် ကြီးအုံကြီးဝတမံ ပိတ်မှုကြောင့် ရေမြုပ်ဧရိယာတွင် မပါဝင်ဘဲ စေတုတ္တရာမြို့ဝန်းကျင်ရှိ လယ်ယာမြေများ နှစ်စဉ် မိုးတွင်းကာလ ရောက်သည့်အခါတိုင်း တမံရေပြင်ကြီး အောက်နစ်မြုပ်၍ ဒေသခံတောင်သူများ စားဝတ်နေရေး အဆင်မပြေမှုများအား ဥပဒေနှင့်အညီ နစ်နာကြေး၊ လျော်ကြေး အစားထိုးမြေယာ ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။