(စ)-ပလက်ဝမြို့နယ်တွင် စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုး တက် စေရန် စိုက်ပျိုးရေး နည်းပညာများ ပံ့ပိုးပေး ခြင်း၊ မတည်ရင်းနှီးငွေသို့မဟုတ်ချေးငွေများ ထုတ် ပေးခြင်းကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ပလက်ဝမြို့နယ်သည် ဧရိယာ စတုရန်းမိုင်ပေါင်း ၃၁၂၇.၀၄ မိုင် ကျယ်ဝန်းပြီး လူဦးရေ ၉၈၀၀၀ ကျော် နေထိုင်လျက်ရှိပါကြောင်း၊ မြို့နေလူဦးရေ၏ ၈ ရာခိုင်နှုန်းသည် ကျေးလက်နေ ပြည်သူများဖြစ်ပြီး ၎င်းတို့၏ အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာ ရွှေ့ပြောင်းတောင်ယာလုပ်ငန်း ဖြစ်ပါကြောင်း၊ မြို့နယ်မြေစာရင်း ဦးစီးဌာန၏ မြေအသုံးချမှု မှတ်တမ်းအရ တောင်ယာမြေ ၄၀၁၇၀ ဧက၊ လယ်ယာမြေ ၃၀၃၆ ဧက၊ ကိုင်းမြေ ၅၀၄၅ ဧကနှင့် ဥယျာဉ်မြေ ၅၂၅၂ ဧကရှိသည်ကို သိရှိရပါကြောင်း၊ အဓိက စိုက်ပျိုးသီးနှံဖြစ်သည့် စပါး၊ နှမ်း၊ ပြောင်း၊ လိမ္မော်၊ သရက်၊ ငှက်ပျော၊ သီဟိုဠ်၊ ဂမုန်း၊ ဝဥနှင့် ပဲအမျိုးမျိုးတို့ ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများ၏ လက်ရှိလုပ်ကိုင်နေသော ရွှေ့ပြောင်းတောင်ယာလုပ်ငန်းသည် သမားရိုးကျ ပုံစံဖြစ်ခြင်း၊ စပါးမျိုးကောင်းမျိုးသန့် မရရှိနိုင်ခြင်းနှင့် မြေဆီလွှာများ ခန်းခြောက်ညံ့ဖျင်းခြင်း ဖြစ်ခြင်းတို့ကြောင့် သီးနှံအထွက်နှုန်း အလွန်နိမ့်ကျပြီး စပါးထွက်ရှိမှုမှာ ဒေသဖူလုံမှု၏ ၄၅ ရာခိုင်နှုန်းသာရှိပါကြောင်း၊ ရွှေ့ပြောင်းတောင်ယာစနစ်သည် သစ်တော ပြုန်းတီးမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် သောက်သုံး ရေရှားပါးမှုများကို ဖြစ်စေ သော်လည်း တောင်သူများအနေဖြင့် အခြားရွေးချယ်စရာ မရှိသည့်အတွက် ရွှေ့ပြောင်း တောင်ယာလုပ်ငန်း ကိုသာ ဆက်လက်လုပ်ကိုင် နေကြရခြင်းဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် တောင်ယာလုပ်ကိုင်သူများသည် အကျိုးမခံစားရသည့် အနေအထား ဖြစ်သည့်အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအပါအဝင် ဘဝရပ်တည်နိုင်ရေးအတွက်ပင် အလွန်ခက်ခဲနေသည့် အနေအထားတွင် ရှိနေပါကြောင်း၊
လက်ရှိသမားရိုးကျပုံစံနှင့် ဆောင်ရွက်နေသည့် တောင်သူများကို စနစ်တကျ အချိန်ကိုက် အချိုးကျစွာ အသုံးပြုတတ်စေရန်အတွက် ပညာပေးရန်နှင့် စိုက်ပျိုးရေး နည်းပညာများ၊ မြေသြဇာများ၊ ပိုးသတ်ဆေးများကို ပံ့ပိုးပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ဈေးကွက်ဝင်သီးနှံများနှင့် ပတ်သက်၍ မိမိတို့မြို့နယ်၏ အဓိက သီးနှံများအပါအဝင် တခြားမြို့နယ်များတွင် စပျစ်သီး၊ ပန်းသီး၊ ထောပတ်သီး၊ လက်ဖက်၊ ကော်ဖီစသည့် သီးနှံများလည်း ထွက်ရှိပါကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် နည်းပညာအကူအညီဖြင့် ပိုမိုစိုက်ပျိုး ထုတ်လုပ် နိုင်ရေးအတွက် ရင်းနှီးမတည်ငွေများကို သက်သာသော နှုန်းထားဖြင့် ထုတ်ချေးပေးရန် နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ခိုင်မာသည့် ဈေးကွက် ချိတ်ဆက်ပေးရန် ထုတ်ကုန်များ ကိုလည်း အဆင့်မြှင့်ပြုပြင်ပြီး ရောင်းချနိုင်အောင် အသေးစား၊ အလတ်စားစက်မှု လုပ်ငန်းများကိုလည်း စီမံချက်ချ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံသည် စိုက်ပျိုးရေး လုပ်ငန်းအတွက် ရေနှင့် မြေအရင်းအမြစ်များ၊ လုပ်သားများ လုံလောက်စွာ ရှိသော်လည်း စိုက်ပျိုးရေးကဏ္ဍတွင် အိမ်နီးချင်းနိုင်ငံများနှင့် မယှဉ်နိုင်ဘဲ ရှိနေသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပလက်ဝမြို့နယ်တွင် စိုက်ပျိုး စီးပွားဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးရေး နည်းပညာများ ပံ့ပိုးပေးခြင်း၊ ဈေးကွက် ဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် မတည်ရင်းနှီးငွေများ ထောက်ပံ့ပေးခြင်း သို့မဟုတ် ချေးငွေများ ထုတ်ပေးခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။