(ဆ)-မန္တလေးမြို့အပြင်ဘက်သို့ အိမ်ရာများတိုးချဲ့ ဆောက်လုပ်နေထိုင်မှုကြောင့် ပုသိမ်ကြီးမြို့နယ် အတွင်းရှိလယ်ယာမြေများ ပျက်စီးဆုံးရှုံးလာခြင်း အပေါ် သက်ဆိုင်ရာမှအမြန်ဆုံး ထိရောက်စွာ အ ရေးယူဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ပုသိမ်ကြီးမြို့နယ်သည် မန္တလေးခရိုင်အတွင်း နယ်မြေဧရိယာကျယ်ဝန်းပြီး လယ်ယာ၊ ဥယျာဉ်၊ ခြံမြေ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသော မြို့နယ်ဖြစ်ပါကြောင်း၊ မန္တလေးခရိုင်အတွင်းရှိ ကျန်ခြောက် မြို့ နယ်နှင့် ထိစပ်လျက်ရှိပြီး မြို့ပြ လူဦးရေနှင့် အိမ်ခြေများ တိုးပွားလာခြင်းကြောင့် ပုသိမ်ကြီးမြို့နယ်အတွင်း မြေယာများ ဝယ်ယူကာ အိမ်ရာများဆောက်လုပ်နေထိုင်မှု ပိုမိုများပြားလာပါကြောင်း၊
လူဦးရေများပြား တိုးတက်လာပါက လယ်ယာမြေများ လျော့ပါးလာခြင်းကို နားလည်နိုင်သော်လည်း မြေယာကို ရည်ရွယ်ချက် ရှိရှိနှင့် ဈေးကစားရန် ဆောင်ရွက်လာခြင်းအပေါ် ဥပဒေ၊ နည်းဥပဒေများနှင့် လယ်ယာမြေများကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊
၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် အဖိုးတန် လယ်ယာမြေများကို တရားဝင်၊ တရားမဝင် အိမ်ရာတိုးချဲ့ ရောင်းဝယ်နေထိုင်လာမှုများကြောင့် ယခုအချိန်တွင် မိမိတို့ မြို့နယ်နှင့် မန္တလေးမြို့ကြား၌ ပြည်ထဲရေး အမည် မပေါက်သေးသော ရပ်ကွက်ကြီးများ ပေါ်ပေါက်လျက်ရှိပါကြောင်း၊ မြေဈေးကစားလိုသူများ၊ မြေပွဲစားများသည် လယ်သမားများ မက်မောလောက်သည့် ငွေကြေးနှင့်ဝယ်ယူပြီး မြို့ပြမှ ဝင်ငွေ နည်းပါးသူနှင့် အငြိမ်းစားဝန်ထမ်းများအတွက် ဥပဒေမဲ့ အကွက်ရိုက် ရောင်းချခြင်း၊ မြေကွက်ကျယ်များကို တာဝန်ရှိသူတချို့နှင့် ပူးပေါင်း၍ အခြားနည်းသုံးစွဲခွင့်များ လျှောက်ထားရယူကြခြင်း၊ လယ်ယာမြေအပေါ် တရားမဝင် ဆောက်လုပ်နေထိုင်မှုများကို အရေးယူ ဆောင်ရွက်ရာတွင်လည်း ဝင်ငွေနည်း မိသားစု၊ အငြိမ်းစား မိသားစုများသာ ဥပဒေအရ အရေးယူခံရခြင်း၊ အဆိုပါ ရပ်ကွက်များတွင် ဒုစရိုက်မှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကြောင့် တရားဥပဒေစိုးမိုးရေးပိုင်းတွင်လည်း အားနည်းလျက်ရှိခြင်း၊ မြို့နယ်အတွင်းရှိ လယ်ယာမြေများအပါအဝင် မန္တလေးမြို့ရှိ စီးပွားရေး အများစု ကျောက်အရောင်း အဝယ်၊ သစ်အရောင်းအဝယ်၊ လယ်ယာမြေ အရောင်းအဝယ် လုပ်နေသူများကို နောက်ကွယ်မှ ရည်ရွယ်ချက်ရှိရှိ ငွေကြေးထောက်ပံ့သော ပြည်ပနိုင်ငံ၊ အဖွဲ့အစည်းများ ရှိ/မရှိ စသည့်အချက်များကို ပြည်ထောင်စု ဝန်ကြီးနှင့်တကွ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ အနေဖြင့် စနစ်တကျကြပ်မတ် ဆောင်ရွက်သင့် ပါကြောင်း၊
သို့ပါ၍ မန္တလေးမြို့အပြင်ဘက်သို့ အိမ်ရာများတိုးချဲ့ ဆောက်လုပ်နေထိုင်မှုကြောင့် ပုသိမ်ကြီး မြို့နယ်အတွင်းရှိ နိုင်ငံတော်အတွက် အဖိုးတန် လယ်ယာမြေများ ပျက်စီးဆုံးရှုံးလာခြင်းအပေါ် သက်ဆိုင် ရာမှ အမြန်ဆုံး ထိရောက်စွာ အရေးယူ ဆောင်ရွက်ပြီး ကာကွယ်စောင့်ရှောက် ပေးနိုင်ခြင်း ရှိ/မရှိ သိလိုပါ ကြောင်း မေးမြန်းပါသည်။