(က)-မိမိသဘောဖြင့် မိမိနုတ်ထွက်သွားသော ၁၀ နှစ်နှင့်အထက် ဝန်ထမ်းများအား အခြားသော ဝန် ထမ်းများနည်းတူ ပင်စင်လစာ ခံစားခွင့် ပေးပါရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ဝန်ထမ်းအဖြစ်မှ အလုပ်ထုတ်ပယ် ခံရသော၊ အလုပ်နုတ်ပယ် ခံရသော ၁၀ နှစ်နှင့်အထက် ဝန်ထမ်းများအား အခြားသော ဝန်ထမ်းများနည်းတူ ပင်စင်လစာ ခံစားခွင့် ပေးထားသည်ကို လေ့လာကြားသိ ရပါကြောင်း၊ သို့သော် အပြစ်တစ်စုံ တစ်ရာမရှိဘဲ မိမိသဘောဖြင့် မိမိနုတ်ထွက် သွားသော ဝန်ထမ်းများအား ပင်စင်လစာ ခံစားခွင့် မပေးသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ ယင်းကိစ္စ နှင့်ပတ်သက်ပြီး ဝန်ထမ်းများ၏ တန်းတူအခွင့်အရေး မဟုတ်ဘဲ မညီမျှသော အခွင့်အရေး တစ်ခုသာ သတ်မှတ်ပေးထားသည်ဟု ထင်မြင်ယူဆမိပါကြောင်း၊ မိမိသဘောဖြင့် မိမိနုတ်ထွက်သွားသော ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းဘဝကို စွန့်လွတ်ရခြင်းမှာ ထိုစဉ်က ရရှိသော လစာနှင့် မိမိ၏မိသားစု စားဝတ်နေရေးကို မဖြေရှင်းနိုင်ခြင်း၊ မမျှော်လင့်ဘဲ ကျန်းမာရေး ချို့တဲ့ခြင်း၊ အချို့အထက် အရာရှိများက ၎င်းဝန်ထမ်းများအား မခံမရပ်နိုင်အောင် ဆက်ဆံခြင်းကြောင့် မခံနိုင်ခြင်း၊ အချို့ အထက်အရာရှိများက ၎င်းဝန်ထမ်းများအား မိမိသဘောဖြင့် မိမိနုတ်ထွက် ပေးပါရန် စေခိုင်းခြင်း၊ အမိန့်ပေးခြင်းတို့ကြောင့် နှုတ်ထွက်စာ တင်လိုက်ရသည့် အကြောင်းအရင်း တရားများ၊ မြန်မာနိုင်ငံ တစ်နံတစ်လျားတွင် တွေ့ရမည်ဖြစ်ပါကြောင်း၊
ယခင်အစိုးရလက်ထက်၌ ယင်းဝန်ထမ်းများအား ပင်စင်လစာ ခံစားခွင့်ပေးရန် ဝန်ထမ်းများ၏ နည်းဥပဒေတွင် ပြဋ္ဌာန်းထားခြင်း မရှိ၍ မပေးနိုင်သည်မှာ လက်ခံရမည် ဖြစ်သော်လည်း ယနေ့ အစိုးရသစ် လက်ထက်၌့ ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ဆောင်ရွက်သည့် နေရာတွင် ယခုတင်ပြသော ဝန်ထမ်းများ၏ အရေးအရာကို ထည့်သွင်းစဉ်းစားပြီး မိမိသဘောဖြင့် မိမိနုတ်ထွက်သွားသော ၁၀ နှစ်အထက် ဝန်ထမ်းများအား အခြားသော ဝန်ထမ်းများ နည်းတူ ပင်စင်လစာပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။