(ဃ)-မသန်စွမ်းသူများ အလုပ်အကိုင် ရရှိစေရန် အဟန့်အတား ဖြစ်နေသော အမိန့်ညွှန်ကြားစာ ရုပ်သိမ်းရန်၊ မသန်စွမ်းသူများ ခန့်သည့် ကုမ္ပဏီ များကို အခွန်လျော့ ထမ်းဆောင်စေခြင်းနှင့် ခန့် ထားရမည့် ဦးရေ သတ်မှတ်ပေးနိုင်ခြင်း ရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း

2017-06-13

မေးခွန်း အကြောင်းအရာ 

aye mya mya myoမေးခွန်းနံပါတ်(၁)အနေဖြင့် မသန်စွမ်းသောနိုင်ငံသားများ အလုပ်အကိုင် ရရှိစေမည့် အခွင့်အလမ်းအတွက် အဟန့်အတားဖြစ်နေသည့် ၂၀၁၅ ခုနှစ် ပြဋ္ဌာန်းထားသော တည်ဆဲ မသန်စွမ်းသူ များ၏ အခွင့်အရေးဥပဒေ၊ ကုလသမဂ္ဂ မသန်စွမ်းသူများအခွင့်အရေး သဘောတူ စာချုပ်တို့နှင့် ဆန့်ကျင်နေသော ဒီမိုကရေစီနည်းမကျသည့် အမိန့်၊ ညွှန်ကြားစာတို့ကို ပြန်လည် ရုပ်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း၍ သိရှိလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အရ လူဦးရေ၏ ၄.၆ ရာခိုင်နှုန်းက မသန်စွမ်းဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ၂၀၁၁ ခုနှစ် ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံလူဦးရေ ၇ သန်းခန့်သည် တစ်နည်း မဟုတ် တစ်နည်းဖြင့် မသန်စွမ်းသူများဖြစ်နေသည်ဟု ဆိုလိုချင်ပါကြောင်း၊ မသန်စွမ်းသူဟုဆိုရာတွင် ပြောပလောက်ခြင်းမရှိသည့် မသန်စွမ်းဖြစ်ခြင်းမျိုးနှင့် ပြင်းထန်သည့် မသန်စွမ်း ဖြစ်ခြင်းမျိုးဟူ၍ ရှိရာ အလုပ်လုပ်နိုင်စွမ်းကို မထိခိုက်နိုင်သည့် အခြေအနေမျိုးကိုပင် အလုပ်ခန့်အပ်မှုမရှိခြင်း၊ အသက်မွေးဝမ်းကျောင်းပညာ၊ ပညာရေးကောလိပ်များသို့ တက်ရောက်ခွင့်များ ကန့်သတ်ခြင်းများ ရှိပါကြောင်း၊ အလုပ်အကိုင်ခန့်ထားရန် ဥပဒေ ပြဋ္ဌာန်းသော အစိုးရကိုယ်တိုင်က အလုပ် ခေါ်စာများတွင် မသန်စွမ်းသော နိုင်ငံသားများ အလုပ်လျှောက်ခွင့်ကို ကန့်သတ်ထားခြင်း၊ ညွှန်ကြားချက်၊ အမိန့်များတွင် ကန့်သတ်ခြင်းမရှိသော်လည်း အင်တာဗျူးခေါ်ခြင်း၊ လူတွေ့ စစ်ဆေးခြင်းများတွင် ခြေပူးလက်ပူးဖြစ်နေခြင်းကြောင့် မသန်စွမ်းဟု သတ်မှတ်ကာ အလုပ်ခန့်အပ်မှု မရှိခြင်း၊ နာယကဂုဏ်နှင့် ညီညွတ်မှုမရှိဟုဆိုကာ ဆရာ၊ ဆရာမ အဖြစ်ရွေးချယ်ခြင်း မရှိခြင်းများသည် ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းများတွင် မရှိသင့်သည့်အပြင် ဒီမိုကရေစီ စနစ်နှင့် လည်း ဆန့်ကျင်နေပါကြောင်း၊

မသန်စွမ်းသူများကို ခွဲခြားဆက်ဆံနေမည်ဆိုပါက မြန်မာနိုင်ငံတွင်ရှိသော ၂.၃ သန်းခန့် မသန်စွမ်း နိုင်ငံသားများအပြင် မသန်စွမ်းသူများ၏မိသားစုဝင်များကို ဝန်ပိစေမည်သာမက နိုင်ငံ၏ လုပ်အား များလည်း ဆုံးရှုံးရမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းများအတွက် ကုမ္ပဏီများအား မက်လုံးပေးခြင်း၊ နိုင်ငံတော်ဘတ်ဂျက်မှ သုံးစွဲပေးခြင်း၊ မသန်စွမ်းသူများသွားလာနေထိုင်နိုင်ရန် အဆောက် အဦ ဖန်တီးပေးခြင်း၊ အလုပ်လုပ်နိုင်သည့် အရည်အချင်းများရရှိရန် ပညာသင်ရန် ခွင့်ပြုပေးခြင်း၊ သင့်တော်ရာ အသက်မွေးဝမ်းကျောင်းပညာများ ဖန်တီးပေးခြင်းများ လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မေးခွန်းနံပါတ် (၂)အနေဖြင့် မသန်စွမ်းမှုရှိသော နိုင်ငံသားများ အလုပ်အကိုင် ခန့်ထားရန် မည်သို့စီစဉ်ဆောင်ရွက်ထားသည့်စပ်လျဉ်း၍ သိရှိလိုပါကြောင်း၊

မေးခွန်းနံပါတ်(၃)အနေဖြင့် ၂၀၁၅ ခုနှစ် မသန်စွမ်းသူများအခွင့်အရေးဥပဒေတွင် ပြဋ္ဌာန်း ထားသည့်အတိုင်း မသန်စွမ်းသူများကို အလုပ်ခန့်ထားပေးသည့် ကုမ္ပဏီများအတွက် အခွန် လျှော့ပေါ့ ထမ်းဆောင်စေမည့် အစီအစဉ်နှင့် မည်သည့် ကုမ္ပဏီများတွင် မသန်စွမ်းသူ မည်မျှကို အလုပ်ခန့်ထားပေးမည်ကို သိရှိလိုပါကြောင်း၊

မေးခွန်းနံပါတ်(၄)အနေဖြင့် ကုမ္ပဏီကြီးများတွင်  မသန်စွမ်းအလုပ်သမားများ အနည်းဆုံး မည်မျှခန့်ထားပေးရန် သတ်မှတ်ပေးထားခြင်း ရှိ/မရှိ ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများသည် ဝင်ငွေ မရှာနိုင်သူ၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေသူဆသည့် အမြင်တွေကိုပြောင်းလဲပြီး နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်နှင့် ကုန်ထုတ်စွမ်းအားများကို တိုးတက်လာနိုင်စေရန်အတွက် မသန်စွမ်းသော နိုင်ငံသားများကို အလုပ်ခန့်ထားပေးရန် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။