(င)-လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန အနေဖြင့် မြန်မာ နိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း(၃၃၀)လုံးတွင် ရုံးခွဲ များ ဖွင့်လှစ်၍ ဝန်ဆောင်မှုများပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကလေးသူငယ် စောင့်ရှောက်ရေးလုပ်ငန်း၊ အမျိုးသမီး စောင့်ရှောက်ရေးလုပ်ငန်း၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်း၊ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်မည့် လုပ်ငန်းများ၊ လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေးလုပ်ငန်း၊ ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေး၊ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းဖြစ်သည့် Social Production များအပြင် အခြားနိုင်ငံတကာ၌ မြန်မာနိုင်ငံက သဘောတူလက်ခံထားသော ကုလသမဂ္ဂ ကွန်ဗင်းရှင်းများနှင့်ပတ်သက်၍ ပြည်သူလူထု၏ အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်သည့်ကိစ္စများတွင် ဆောင်ရွက်နေရပါကြောင်း၊ ထို့အပြင် ရေဘေး၊ မီးဘေးအပါအဝင် မမေ်ျှာမှန်းနိုင်သော သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်ပြီး ထိခိုက်ခံစားရသည့်အခါမျိုးတွင်လည်း ဝန်ကြီးဌာနအနေဖြင့် Focal Ministry အဖြစ် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဘတ်ဂျက် အနေအထားမှာ ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ခုနှစ်ထက် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ပိုမိုသုံးစွဲထားသည်ကို တွေ့ရသကဲ့သို့ တခြား Social Production ၏ Program အဖြစ် ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်လည်း ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များအတွက် ငွေကြေးအထောက်အပံ့ လျာထားမည့် အစီအစဉ်များ အတွက်လည်း ငွေကြေးပိုမိုသုံးစွဲထားသည်ကို တွေ့ရှိရပါကြောင်း၊
ထိုကဲ့သို့ ကျယ်ပြန့်လှသည့် ဝန်ဆောင်မှုများကို ပေးနေရသည့်ဝန်ကြီးဌာနတစ်ခုအနေဖြင့် မြို့နယ်များကို အခြေပြုပြီး ရုံးခွဲများ ရှိနေသင့်သည်ဟု မိမိအနေဖြင့် ယူဆမိပါကြောင်း၊ အမျိုးသမီး စောင့်ရှောက်ရေးနှင့် ပတ်သက်၍ သက်ငယ်မုဒိမ်းမှုများ အပါအဝင် အိမ်တွင်းအကြမ်းဖက်မှု၊ ကာမလိမ်လည်မှု အစရှိသည့် ဖြစ်ရပ်များအပေါ် အခြေခံပါကြောင်း၊ တချို့တိုင်းဒေသကြီးရှိ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မကြာခဏ ၎င်းကိစ္စများအပေါ် မိမိတို့ထံ ဖုန်းဆက်ပြီးဖြစ်စေ၊ အလုပ်ရုံဆွေးနွေးပွဲများတွင်ဖြစ်စေ ပြောလေ့ရှိပါကြောင်း၊
ထိုအခါမျိုးတွင် ၎င်းတို့အတွက် တရားကျူးလွန်သူများသည် လူ့အဖွဲ့အစည်းထဲ၌ အတော်အတန် သြဇာရှိသော ပုဂ္ဂိုလ်များဖြစ်နေသည့်အတွက် ဥပဒေကြောင်းအရ အထောက်အပံ့လိုအပ်သကဲ့သို့ တရားမျှတမှုအတွက် အမှုရင်ဆိုင်နေရစဉ်ကာလတွင် လူမှုပတ်ဝန်းကျင်၏နှုန်း၊ စံတန်ဖိုးများသည် ဖိအားများ ခံစားရသည့်အခါမျိုးတွင် ဖိအားများကို ကျော်လွှားရန် လူ့အဖွဲ့အစည်းထဲကို ပြန်လည် ဝင်ဆံ့နိုင်ရန် လိုအပ်ပါကြောင်း၊ အကယ်၍ ၎င်းတို့ဒေသတွင် လူမှုဝန်ထမ်းက ရုံးခွဲများဖွင့်ပြီး Counseling ကဲ့သို့ လုပ်ပေးနိုင်မည်ဆိုပါက လူ့အသိုင်းအဝိုင်းထဲကို ပြန်လည်ဝင်ဆံ့ရန် အလွန်အဆင်ပြေမည်ဖြစ်ကြောင်းကို မကြာခဏ ဖော်ပြလေ့ရှိကြပါကြောင်း၊
ရုံးချုပ်၊ နေပြည်တော်ကောင်စီ၊ ခရိုင်ရုံးများ ရှိသော်လည်း မြို့နယ်တွင် ရုံးမည်မျှတွင် မြို့နယ်မည်မျှတွင် ရုံးခွဲပေါင်း မည်မျှဖွင့်ပြီး ဝန်ဆောင်မှုပေးနေသည်ကို မိမိတို့ ရှာဖွေ၍ မရပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် မည်သည့်မြို့နယ်တွင် မြို့နယ်ပေါင်းမည်မျှဖြင့် ဝန်ဆောင်မှုပေးနေသည်ကို သိရှိလိုပါကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် အချိန်ကာလသတ်မှတ်ပြီး မြို့နယ်အဆင့် လူမှုဝန်ထမ်းရုံးခွဲများကို မြို့နယ်တိုင်းတွင် ဖွင့်လှစ်နိုင်ရေးအတွက် ရည်မှန်းချက်ထားပြီး ဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။