(စ)-ဘတ်ဂျက် လုပ်ငန်းစဉ်တွင် အားလုံး ပါဝင်ခွင့် ရစေမည့် ပြုပြင်ပြောင်းလဲမှုများ (Participatory Reforms in the Budget Process) ကို ဆောင် ရွက်နေသည့် အခြေအနေနှင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ဒုတိယအကြိမ် လွှတ်တော်ကာလအတွင်းတွင် ယခင်စနစ်ဟောင်းများအတိုင်း ဘတ်ဂျက် လုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်းပြုမည့်အစား ပြောင်းလဲချိန်တန်ပြီဖြစ်သဖြင့် ဘတ်ဂျက်လုပ်ငန်းစဉ် များတွင် အားလုံးပါဝင်ခွင့်ရစေမည့် ပြုပြင်ပြောင်းလဲမှုများ အမြန်ဆုံး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဘတ်ဂျက်လုပ်ငန်းစဉ်ကို ပိုမိုခိုင်မာစေရန် အားလုံးပါဝင်မှုရှိသော All Inclusive နည်းစနစ်ကို အသုံးပြုခြင်းသည် ဒီမိုကရေစီဖော်ဆောင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းတို့၏ ဆုံမှတ်တွင်ရှိသော မူဝါဒ ပြောင်းလဲရေး နည်းလမ်းတစ်ခုဖြစ်ပါကြောင်း၊ အစိုးရဌာနဆိုင်ရာ အရာရှိများက လုပ်ဆောင်ခဲ့သည့် ဘတ်ဂျက်ရေးဆွဲခြင်း လုပ်ငန်းစဉ်တွင် လာမည့်နှစ်များ၌ နိုင်ငံသားများနှင့် အရပ်ဖက်အဖွဲ့အစည်းများ တက်ကြွစွာ ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ပြုပြင်ပြောင်းလဲမှုများကို အောင်မြင်စေနိုင်ပါကြောင်း၊ အုပ်ချုပ်မှုအဆင့်တိုင်းအတွက် အစိုးရ၏ ဆုံးဖြတ်ချက်များ ပုံဖော်ခွင့် အခွင့်အလမ်းများကို ပွင့်လင်းမြင်သာစွာ လူထုနှင့်ညှိနှိုင်းရပါမည်။
သို့မှသာလျှင် ၎င်း အချက်အားလုံးသည် ဒီမိုကရေစီဖော်ဆောင်မှုတွင် မရှိမဖြစ်လိုအပ်မည် ဖြစ်ခြင်းကြောင့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများကို အားပေးရုံသာမက Institutional Life ဖွံ့ဖြိုးမှုများကိုပါ လွှမ်းမိုးမှုဖြစ်ပေါ်စေပါကြောင်း၊ အားလုံးပါဝင်ခွင့်ရစေသည့် ဘတ်ဂျက်လုပ်ငန်းစဉ်သည် တာဝန်ယူမှုစနစ်သစ်များဖြင့် အစိုးရ Institutional များကို အားကောင်းစေရန်၊ လက်ရှိဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုလျော့ချရေး လုပ်ငန်းစဉ်ကို လွယ်ကူချောမွေ့စေရန်၊ အမှန်တကယ် လိုအပ်သည့် စီမံကိန်းသို့ အစိုးရရန်ပုံငွေများ တိုက်ရိုက်ရောက်ရှိအောင် စွမ်းဆောင်နိုင်ပါကြောင်း၊ ရေရှည်တည်တံ့မည့် သာတူညီမျှအခွင့်အရေး ရရှိစေသော စီးပွားရေးဖွံ့ဖြိုးမှုအပေါ် အားပေးမြှင့်တင်ရန် အဆိုပါ Institution ဆိုင်ရာ ပြောင်းလဲမှုများ မရှိမဖြစ်လိုအပ်ပါကြောင်း၊ အားလုံးပါဝင်ခွင့်ရစေမည့် ဘတ်ဂျက်လုပ်ငန်းစဉ်ဆိုသည်မှာ အများပိုင် အရင်းအမြစ်များကို ခွဲဝေခြင်းနှင့်ပတ်သက်ပြီး နိုင်ငံသားများကပါဝင်၍ ညှိနှိုင်းဆောင်ရွက်ပြီး ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်ဟု ကမ္ဘာ့ဘဏ်က အဓိပ္ပာယ်ဖွင့်ဆိုထားပါကြောင်း၊ ဘတ်ဂျက်ရေးဆွဲရာတွင် စဉ်းစားသင့်သည့် ပြောင်းလဲမှုများမှာ အစိုးရအနေဖြင့် ဘတ်ဂျက်အကြို ထုတ်ပြန်ချက် (Pre-Budget Statement-PBS) ကို ဘဏ္ဍာနှစ် မစတင်မီ အနည်းဆုံး (၄) လ ကြိုတင်ထုတ်ပြန် သင့်ပါကြောင်း၊ ၎င်းအပေါ် ပြည်သူများမှ ပြန်လာသည့်အမြင်များကို ရယူနိုင်ရန် အစိုးရ၏ အဆိုပြုမှုမစတင်မီ တစ်လကြိုတင်ထုတ်ပြန်သင့်ပါကြောင်း၊ မြန်မာနိုင်ငံ PBS အဖြေထုတ်ပြန်ချက်ကို ရေးသားခဲ့သည့် အတွေ့အကြုံရှိပြီးဖြစ်ပါကြောင်း၊
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် လွှတ်တော်နှစ်ရပ်၏ ပြည်သူ့ငွေစာရင်းဆိုင်ရာ ကော်မတီအဖွဲ့များနှင့်အတူ လုပ်ကိုင်ခြင်းဖြင့် ကနဦးပြောင်းလဲမှုများ ဖြစ်ပေါ်စေပြီး ပိုမိုကျယ်ပြန့်သော ပြုပြင်ပြောင်းလဲမှု မဟာဗျူဟာများကို ဆွေးနွေးမှုဆက်လက် လုပ်ပေးနိုင်မည့် သက်ဆိုင်ရာအရပ်ဖက် အဖွဲှအစည်းများ ပါဝင်သော အဖွဲ့များဖွဲ့ပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်သည့် စနစ်ဖြင့် ဘတ်ဂျက်ရေးဆွဲ သင့်ပါကြောင်း၊ ရငွေပိုင်းတွင် အမှန်တကယ်မည့်အခွန်များ အခြေအနေကို လည်းကောင်း၊ ငွေလုံးငွေရင်းနှင့် သာမန်အသုံးစရိတ်များ အမှန်တကယ်ဖြစ်စေရန်ကိုလည်းကောင်း၊ မြို့နယ်အလိုက် အဖွဲ့များဖွဲ့စည်း ညှိနှိုင်းသည့်စာရင်းများ ပြုစုရေးဆွဲတင်ပြရပြီး တိုင်းဒေသကြီး/ပြည်နယ်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့များမှ စာရင်းများပြုစုရေးဆွဲသည့် ဘတ်ဂျက်လုပ်ငန်းစဉ်များကို လုပ်ကိုင်ဆောင်ရွက်သင့်ပါကြောင်း၊
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ကာလအတွင်း ဘတ်ဂျက်လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ခွင့်ရရှိမည့် ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်သည့်အခြေအနေနှင့် ၎င်း ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။