(က)-ပျော်ဘွယ်မြို့နယ်၊ မြန်မာ့ အထည်အလိပ် လုပ်ငန်း စက်မှုကုန်ကြမ်း စီမံဌာနပိုင်မြေမှ အသုံး မပြုတော့သည့် မြေအား မြို့မြေအဖြစ် တိုးချဲ့ လွှဲ ပြောင်းသတ်မှတ်ပေးနိုင်ခြင်း ရှိ/ မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ပျော်ဘွယ်မြို့နယ်သည် ရန်ကုန်-မန္တလေးလမ်းမကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ ရခိုင်ပြည်နယ်အထိ ဆက်သွယ်ထားသည့် လမ်းဆုံတွင် တည်ရှိသည့် မြို့ဖြစ်ပါကြောင်း၊ မြို့၏ဧရိယာသည် ၂.၈၅ စတုရန်းမိုင် ၁၈၂၆ ဧကခန့် သာရှိပါပြီး မြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်၊ အိမ်ခြေ ၆၁၃၂ အိမ်နှင့် အိမ်ထောင်စု ၆၁၆၅၊ ကျား/မလူဦးရေ ၃၀၇၄၈ ဦးခန့် ရှိပါကြောင်း၊ မြို့မြေ ဧရိယာအတွင်း အရှေ့အနောက်၊ တောင်မြောက် လမ်းမကြီး နှစ်ခုအပြင် ရန်ကုန်-မန္တလေး ရထားလမ်းနှင့် ဘူတာရပ်ဝန်းလည်း တည်ရှိပါကြောင်း၊ ထို့ကြောင့် လူနေအိမ်ခြေအတွက် မြေဧရိယာ လုံလောက်မှု အားနည်းသည့်အတွက် နေ့စဉ်တိုးပွားနေသည့် လူဦးရေစာရင်းမှာ ၂၀၁၆ ခုနှစ် အကုန်အထိ ကျူးကျော် နေထိုင်သူများစာရင်းက သာသနာ့မြေကျူး ၄၁ ဦး၊ ရထားသံလမ်း မြေကျူး ၁၁၉ ဦး၊ လယ်မြေ ကျူး ၃၂၀ ဦး၊ လမ်းမြေကျူး ၁၅ ဦး၊ သမဝါယမမြေ ကျူး ၈၀ ဦး၊ အခြားမြေ ကျူး ၇၄ ဦးနှင့် ၆၄၉ ဦး ရှိပါကြောင်း၊
ထို့အပြင် ပျော်ဘွယ်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာ ၃၇ ဦးရှိပြီး လက်ရှိ ခန့်အပ်ထားသော ဝန်ထမ်းက ၂၉၄၆ ဦး ရှိပါကြောင်း၊ ၎င်း ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာ မရရှိသေးသော သူက ၂၆၇ ဦးရှိသဖြင့် ထပ်မံခန့်အပ်မည်ဆိုပါက ဝန်ထမ်း လိုအပ်ချက်က ၁၁၆၅ ဦးရှိပါကြောင်း၊ ထို့ကြောင့် ကျူးကျော်နေသည့် နေအိမ်နေထိုင်သူ ၆၄၉ ဦး၊ ဝန်ထမ်းအိမ်ရာ မရှိသေးသည့် ၂၆၇ ဦးနှင့်ထပ်မံ လိုအပ်လာနိုင်သည့် ဝန်ထမ်း ၁၁၆၅ ဦးတို့အတွက် အိမ်ရာများ ချပေးရန် လိုအပ်ပါကြောင်း၊ ၎င်းတို့အတွက် မြို့ပြမြေအဖြစ် သတ်မှတ်နေရာ ချထားပေးနိုင်ရန် ရှာဖွေသည့်အခါ ပျော်ဘွယ်မြို့၏ ပြည်သာယာရပ်ကွက် အရှေ့ဘက်ခြမ်း၊ ရွှေပြည်မြန်အောင်ရပ်ကွက် မြောက်ဘက်တွင်ရှိသည့် ယခင်အမှတ်(၁) စက်မှုဝန်ကြီးဌာန မြန်မာ့အထည်အလိပ် လုပ်ငန်း စက်မှုကုန်ကြမ်း စီမံဌာနပိုင်မြေ အသုံးမပြုသည့် အစိတ်အပိုင်းကို ဌာန၏ လုပ်ငန်း လိုအပ်ချက်အပေါ် မူတည်ပြီး မြို့မြေအဖြစ် ခွင့်ပြုပေးလျှင် သင့်လျော်မည်ဟု သိရှိရပါကြောင်း၊ အဆိုပါမြေသည် ဧရိယာ ၃၂၅.၇၉ ဧကရှိပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ၃၁-၁၂- ရက်စွဲပါစာအမှတ်နှင့် အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်က အမှတ်(၁) စက်မှုဝန်ကြီးဌာန မြန်မာ့အထည်အလိပ် လုပ်ငန်း စက်မှုကုန်ကြမ်း သီးနှံဌာနပိုင်မြေအဖြစ် လွှဲအပ်ခဲ့သော မြေဖြစ်ပါကြောင်း၊ ၂၀၀၈-၀၉ ခုနှစ်မှစပြီး ဝါးဂွမ်း ဧက ၂၀၀ ခန့် စိုက်ပျိုးပါ ကြောင်း၊ ၎င်းကို ကုန်ကြမ်း ထုတ်လုပ်ခဲ့သော်လည်း ၂၀၁၂-၁၃ ခုနှစ်ကနေစပြီး စက်မှုကုန်ကြမ်း သီးနှံများ စိုက်ပျိုးခြင်း မရှိတော့သည်ကို တွေ့ရှိရပါကြောင်း၊ ပျော်ဘွယ်မြို့နယ်တွင် တိုးပွားလာတဲ့ လူဦးရေများ၊ ဝန်ထမ်းအိမ်ရာ မလုံလောက်မှုများ၊ ကျူးကျော် နေထိုင်သူများအတွက် မြို့ပြအင်္ဂါရပ်နှင့်အညီ ပြည်သူလူထု၏ စီးပွားဘဝများ တိုးတက် ကောင်းမွန်လာအောင် တည်ဆောက်နိုင်ရန်အတွက် ပြည်သာယာရပ်ကွက် အရှေ့ဘက်အခြမ်းနှင့် ရွှေပြည်ရန်အောင် မြောက်ဘက် အခြမ်းတွင် ရှိသည့် ယခင် အမှတ်(၁) စက်မှုဝန်ကြီးဌာန မြန်မာ့အထည်အလိပ် လုပ်ငန်း စက်မှုကုန်ကြမ်းအား စီမံဌာနပိုင် အသုံးမပြုသည့် စက်မှုကုန်ကြမ်းသီးနှံ စိုက်ပျိုးမြေဧက ၃၂၅.၇၉ ဧကကနေပြီး သင့်လျော်သည့် မြေကို မြို့မြေအဖြစ် သတ်မှတ် ပေးနိုင်ရေးအတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။