(ခ)-မြန်မာနိုင်ငံတွင် အများအပြားထွက်ရှိနေသော အုန်းသီးအခြေပြု၍ စားသောက်ကုန်များ၊ လူသုံး ကုန်ပစ္စည်းများ ထုတ်လုပ်နေသော လုပ်ငန်းငယ် ကလေးများအား စုစည်း၍ပိုမိုကျယ်ပြန့်သော နည်း ပညာနှင့်ငွေကြေး ပံ့ပိုးပေးနိုင်ရန် အစီအစဉ် ရှိ/ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
အုန်းပင်သည် အပူပိုင်းဇုန်တွင် ပေါက်ရောက်သော စွယ်စုံရ အပင်အသီးဖြစ်ကာ အပူချိန် ၂၇ ံC ၊ မိုးရေချိန် ၆၀ လက်မနှင့် ၁၀၀ လက်မအတွင်း ဖြစ်ထွန်းသည့် အပင် ဖြစ်ပါကြောင်းနှင့် ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၉၃ နိုင်ငံက စိုက်ပျိုးလျက်ရှိပါကြောင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယနိုင်ငံတို့တွင် အုန်းပင်ကို အကြီးအကျယ် စိုက်ပျိုးပြီး မြန်မာနိုင်ငံတွင် ဧကပေါင်း ၁၄၁၁၀၀ ခန့် စိုက်ပျိုးထားရှိကာ ၂၀၁၆ ခုနှစ် တစ်နှစ် အုန်းသီးထွက် အရေအတွက်သည် သန်းပေါင်း ၄၉၀ ကျော်ရှိပါကြောင်း၊ အဓိက စိုက်ပျိုးရာ ဒေသသည် ဧရာဝတီတိုင်းဒေသကြီး ဖြစ်ပြီး ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်ဝန်းကျင်တို့တွင် စိုက်ပျိုးကြပါကြောင်း၊ အုန်းသီးက ကောင်းမွန်သည့် အာနိသင် အများအပြား ရှိသည့်အပြင် အုန်းပင်အုန်းသီးကို အသုံးပြု၍ မြန်မာနိုင်ငံအနှံတွင် လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်းနှင့် စားသောက်ကုန်အမျိုးမျိုးကို ထုတ်လုပ်ကြပါကြောင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံတို့တွင် ယခုထက်ပိုမိုများပြားသော လူသုံးကုန် ပစ္စည်းအမျိုးမျိုးကို အပြိုင်အဆိုင် ထုတ်လုပ်နေပြီး ၎င်းတို့အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်း အုန်းမှုန့်ကို မြန်မာပြည်က မှာယူကြပါကြောင်း၊ ထိုသို့မှာ ယူရာတွင် အုန်းပင်နှင့် အုန်းမှုန့်ကို လိုသလောက် အမြောက်အမြား ထုတ်လုပ်ပေးနိုင်ခြင်း မရှိပါကြောင်း၊ ထိုလုပ်ငန်းငယ်လေးများသာ ဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက အလုပ်အကိုင် ပိုမိုရရှိနိုင်ပြီး ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်မည့်အပြင် ထုတ်လုပ်ရောင်းချမည် ဆိုပါကလည်း နိုင်ငံခြားငွေ အများအပြား ရရှိနိုင်ပါကြောင်း၊ ထို့ကြောင့် လုံလောက်သော ကုန်ကြမ်း အရင်းအမြစ်များ ရှိနေသော်လည်း ထုတ်လုပ်ရန် နည်းပညာ၊ စက်ပစ္စည်းနှင့် ငွေကြေး မလုံလောက်မှုကြောင့် အကန့်အသတ် ဖြစ်နေသော အုန်းလုပ်ငန်းလေးများကို စုစည်းပြီး ပိုမိုကျယ်ပြန့်သော နည်းပညာနှင့် ငွေကြေးပံ့ပိုးပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။