(ဃ)-ကမာရွတ်မြို့နယ်တွင် မီးသတ် စခန်းတစ်ခု ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်နေသည့် သန္ဓေ မီး သတ်စခန်းမြေနေရာတစ်ခုရရှိရေးဆောင်ရွက်ပေး ရန် အစီအစဉ်ရှိ/ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ကမာရွတ်မြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်အတွင်းတည်ရှိပြီး လူဦးရေ ၇၅၀၀၀ ခွဲကျော် နေထိုင်လျက် ရှိပါကြောင်း၊ မြို့နယ်အတွင်း ခြောက်ထပ်နှင့်အထက် အဆောက်အဦများ အများစု ပါဝင်သော အိမ်ခြေ တိုက်တာ အဆောက်အဦ ၄၃၀၀ ခန့် ဆောက်လုပ်ထားရှိပြီး လူနေသိပ်သည်းသော မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ ကမာရွတ်မြို့နယ်သည် လူနေထိုင်မှု သိပ်သည်း များပြားလာသည်နှင့်အမျှ မြို့နယ်အတွင်းရှိ လမ်းမကြီးများနှင့် လမ်းသွယ်အသီးသီးတို့သည် အချိန်ပြည့်နီးပါး မော်တော်ယာဉ်များနှင့် ပိတ်ဆို့ကြပ်တည်းလျက် ရှိပါကြောင်း၊ ထို့ကြောင့် ၁၀ မိနစ်ခန့်လမ်းလျှောက်ရုံနှင့် ရောက်မည့်ခရီးကို မော်တော်ယာဉ်နှင့် နာရီဝက်ခန့်ကြာမှ ရောက်ရှိ နေပါကြောင်း၊ မြို့နယ်အတွင်းရှိ ငါးလမ်းဆုံဖြစ်သော လှည်းတန်းလမ်းမကြီး၊ လှည်းတန်းလမ်းဆုံနှင့် ဆင်မလိုက် လမ်းဆုံတို့တွင် ရန်ကုန်မြို့၏ ပထမတန်း ယာဉ်ကြော ပိတ်သည့်နေရာများ ဖြစ်နေပါကြောင်း၊ ကမာရွတ်မြို့နယ် အတွင်း မီးလောင်မှုနှင့် အခြားသော ဘေးအန္တရာယ် တစ်ခုခု ဖြစ်ပွားခဲ့မည်ဆိုပါက ကယ်ဆယ်ရေးအတွက် မီးသတ်ကားများ အချိန်မီ ရောက်လာနိုင်ရန်အတွက် အခက်အခဲများ ဖြစ်ပေါ်စေမည့်အပြင် မြို့နယ်အတွင်း မီးသတ်စခန်း မရှိသည့်အတွက် အကူရောက်လာမည့် နီးစပ်ရာ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ အလုံနှင့် လှိုင်မြို့နယ် မီးသတ်စခန်းများမှ မီးသတ်ကားများ အလျင်အမြန် ရောက်ရှိလာရန်အတွက် ကြီးမားသည့် အခက်အခဲ တစ်ရပ်ဖြစ်စေပါကြောင်း၊ မီးငြိမ်းသတ်မှုအချိန် နောက်ကျသည်နှင့်အမျှ ဆုံးရှုံးမှုတန်ဖိုးကလည်း ကြီးမား လာမည်မှာ အမှန်ပင်ဖြစ်ပါကြောင်း၊
ငလျင်လှုပ်ခြင်း၊ တိုက်ပြိုခြင်း၊ မြေပြိုခြင်း၊ ရေကြီးခြင်း၊ ယာဉ်တိုက်ခိုက်မှုများဖြစ်ပွားခြင်းစသည့် သဘာဝဘေး တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်ရမည့် ရှာဖွေကယ်တင်ရေး လုပ်ငန်းများတွင်လည်း အချိန်နောက်ကျ သည်နှင့်အမျှ ပျက်စီးဆုံးရှုံးမှုများ ပိုမိုများပြား စေမည်ဖြစ်ပါကြောင်း၊ ပစ္စည်းဆုံးရှုံးသည်ထက် တန်ဖိုးမဖြတ်နိုင်သော လူ့အသက်များ ပျက်စီးဆုံးရှုံးရခြင်းကို မည်သည့်ပြည်သူ တစ်ဦး တစ်ယောက်ကမျှ မဖြစ်စေလိုသည်ကို အားလုံးအသိပဲဖြစ်ပါကြောင်း။
ဂျပန်နိုင်ငံက FDMA ဟုခေါ်သည့် Fire and Disaster Management Agency ၏ လက်တွေ့ စမ်းသပ်ချက်များအရ သစ်သားအိမ် တစ်လုံးသည် မီးလောင်ပြီး နောက်ထပ်အိမ်တစ်လုံးကို ကူးရန်အတွက် အချိန် ၈ မိနစ်သာ ကြာမြင့်သည်ကို သိရှိရပါကြောင်း၊ အဆိုပါအချက်သည် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များကို တုံ့ပြန်ရန်အတွက် အချိန်မြန်ဆန်မှုသည် လွန်စွာပဲ အရေးကြီးကြောင်းကို သိသာထင်ရှားစေပါကြောင်း၊ ကမာရွတ်မြို့နယ်အတွင်း မီးသတ်စခန်း တစ်ခုရှိမည်ဆိုပါက အချိန်နှောင့်နှေးမှုပြဿနာသည် အထိုက်အလျောက်၊ အလိုအလျောက် ပြေလည်သွားစေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကမာရွတ်မြို့နယ်တွင် သန္ဓေမီးသတ်စခန်း မြေနေရာတစ်ခုရရှိရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။