(င)-ထားဝယ်ခရိုင်၊ မေတ္တာမြို့အဖြစ် ရပ်ကွက်(၃) ရပ်ကွက်ဖြင့် ဖွဲ့စည်းထားရာ ယင်းရပ်ကွက်များရှိ လူနေအိမ်အဆောက်အအုံများ ဆောက်လုပ်ထား သည့် မြေကွက်များကို နှစ်ပေါင်း (၉၀)အထိ လဲ လှယ်ခွင့်ရှိသောဂရန်များထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်ခရိုင်၊ မေတ္တာကျေးရွာကို မေတ္တာမြို့အဖြစ် ၁-၄-၂၀၀၄ ရက်နေ့မှစတင် သတ်မှတ်ပြီး ရပ်ကွက် (၃) ရပ်ကွက်ကို အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်ဆိုပြီး သတ်မှတ်ခဲ့ပါကြောင်း၊ ၎င်း မြို့တွင် ကျေးရွာအုပ်စု (၇) အုပ်စု ဖွဲ့စည်းထားပြီး ကျေးရွာအုပ်စုပေါင်း၏ မြေဧရိယာသည် ၆၃၂၄၁၅ ဧက(၉၈၈.၁၅ စတုရန်းမိုင်) ဖြစ်ပါကြောင်း၊ မြို့ပေါ် (၃) ရပ်ကွက်၏ ဧရိယာသည် ၂၃၅၅ ဧက (၃.၆၈ စတုရန်းမိုင်)ရှိပြီး အိမ်ခြေ ၄၅၁ လုံးရှိပါကြောင်း၊ ယခုအချိန်တွင် (၃) ရပ်ကွက်၏ ပြည်သူများသည် လက်ရှိ ရှိနေသည့် မြေနေရာများကို မြေငှားစာချုပ် သို့မဟုတ် မြေငှားဂရန်များကို ရရှိလိုကြောင်း၊ အကယ်၍ မေတ္တာမြို့ (၃) ရပ်ကွက်ရှိ ပြည်သူများအနေဖြင့် မြေငှားဂရမ်ကို ရရှိမည်ဆိုပါက မြေကိုတရားဝင် အသုံးပြုနိုင်သော အခွင့်အရေးကို ခံစားရပြီး တရားဝင်လွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံသည့် အခွင့်အရေးများကိုပါ ဥပဒေနှင့်အညီ ဆောင်ရွက်၍ နိုင်ငံတော်မှလည်း အခွန်အခများစွာ ရနိုင်ပါကြောင်း၊ ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ရှိသော ရပ်ကွက် (၃) ရပ်ကွက်တွင် ရှိသည့် မြေနေရာများအား နှစ်ပေါင်း (၉၀) အထိ အသစ်လဲလှယ်ခွင့်ရှိသော မြေငှားစာချုပ် (ခေါ်) ဂရန်များကို ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။