(ခ)-တတိယတန်း မြန်မာ ဖတ်စာအုပ်ပါ ‘အောင် ဆန်းဇာနည်’ ကဗျာ၏အောက်တွင် ကဗျာရေးသား သူ မူရင်း ကဗျာဆရာ၏ အမည်ကို ဖော်ပြရန်နှင့် နောက်ဆုံးအပိုဒ်ကို ဖြုတ်ပြီး မူရင်းကဗျာအတိုင်း သာ ဖော်ပြရန် အစီအစဉ်ရှိ /မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2017-06-15

မေးခွန်း အကြောင်းအရာ 

dr lin lin aungမေးခွန်း(၁)အနေဖြင့် တတိယတန်းဖတ်စာအုပ်ပါ အောင်ဆန်းဇာနည်ကဗျာ၏အောက်တွင် မူရင်း ကဗျာဆရာ၏ကလောင်အမည်ကို ဖော်ပြရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ မူရင်းကဗျာ ဆရာကို ဖော်ပြသင်‌့သည် (သို့မဟုတ်) ဖော်ပြရန် မလိုအပ်ဟူသည့် အချက်တစ်ခုချင်းစီအတွက် အကြောင်းပြချက်ကိုယ်စီကိုယ်စီ ရှိကြသော်လည်း မိမိအနေဖြင့် ဖော်ပြသင်‌့သည့်ဟု ထင်မိပါ ကြောင်း၊ ထိုသို့မဟုတ်ပါက အဆိုပါကဗျာရေးသားသူအမည်နှင့် ပတ်သက်၍ အငြင်းပွား နေကြ သည်ကို မြင်တွေ့ကြားသိခဲ့ရပါကြောင်း၊

 မေးခွန်း(၂)အနေဖြင့် တတိယနှစ်ကဗျာဖတ်စာတွင်ဖော်ပြထားသော  ခေတ်ကာလနှင့် မလျော်ညီသည့် အငြင်းပွားဖွယ် နောက်ဆုံး အပိုဒ်ကို ဖြုတ်ပြီး မူရင်းကဗျာအတိုင်းဖော်ပြပေးရန် အစီအစဉ်ရှိ/မရှိ ဖြစ်ပါကြောင်း၊ အဆိုပါကဗျာကိုရေးသားသူ ဆရာတင်မိုးကိုယ်၌ကလည်း သင်ရိုးညွှန်းတမ်းတွင် ဖော်ပြထားသည့် နောက်ဆုံးအပိုဒ်သည် မိမိရေးသားထားသည့် မူရင်း အတိုင်း မဟုတ်ကြောင်းကို အသံလွှင့်ဌာနတစ်ခုတွင် ဖြေကြားခဲ့သည်ဟု မှတ်သားရပါကြောင်း၊ ယခုကိစ္စနှင့်ပတ်သက်၍ ဆရာကြီးမောင်မိုးသူ၊ ဆရာကြီးကိုလေး အင်းဝ ဂုဏ်ရည်ကဲ့သို့သော ခေတ်ပြိုင်စာရေးဆရာကြီးအပါအဝင် စာရေးဆရာများ၊ ပညာရှင်များနှင်‌့ ကိုယ်တိုင်တွေ့ဆုံ ဆွေးနွေးခြင်းများ၊ ဖုန်းဖြင့်ဆက်မေးခြင်းများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရာ ထိုအပိုဒ်ကို ဆရာ တင်မိုး ရေးသားခြင်း မဖြစ်နိုင်ကြောင်းကို အကျိုးအကြောင်းခိုင်လုံစွာ ထောက်ပြခဲ့ပါကြောင်း၊ ထို့ပြင်  ဆရာတင်မိုး၏ မိသားစုကိုယ်စားပြု ဆရာ သမီးကြီးမမိုးမိုးစံနှင့် တွေ့ဆုံခဲ့ရာတွင် မူရင်းကဗျာတွင် တို့ပြည်ကောင်းအောင်လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွားဟု ရေးသားထားခြင်းဖြစ်ကြောင်းကို နှုတ်ဖြင့်ဖြေကြားခဲ့သည့်အပြင် စာဖြင့်လည်း လက်မှတ်ရေးထိုး ရေးသားပေးပို့ခဲ့ပါကြောင်း၊

ထို့ကြောင့် သင်ရိုးညွှန်းတမ်းတွင် မူရင်းအတိုင်းဖော်ပြပေးရန် အစီအစဉ်ရှိ/မရှို သိရှိလိုပါကြောင်း မေးမြန်းပါသည်။