(ခ)-ရှမ်းပြည်နယ်၏ ဒေသထွက်စိုက်ပျိုးသီးနှံ ကုန် စည်များ ဈေးနှုန်းကျဆင်းနေခြင်း၊ ပြည်တွင်းပြည်ပ ဈေးကွက် ပျောက်နေခြင်းများနှင့် အသေးစား စက် မှုလုပ်ငန်းရှင်များ ရပ်တည်နိုင်ရေးအတွက် မည် ကဲ့သို့စီစဉ်ပေးနိုင်မည်တို့ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ရှမ်းပြည်နယ်အပါအဝင် နိုင်ငံဒေသတော်တော်များများတွင် ဒေသခံ တောင်သူလယ်သမားများ စိုက်ပျိုး ထုတ်လုပ်သော အဓိကဒေသထွက်စိုက်ပျိုးသီးနှံများဖြစ်သည့် စပါး၊ ပြောင်း၊ မြေပဲ၊ ဖရဲ၊ လက်ဖက် စသည့် သီးနှံများဈေးနှုန်းကျဆင်းနေခြင်း၊ ပြည်တွင်းပြည်ပဈေးကွက် ပျောက်နေခြင်း တို့ကြောင့် တောင်သူလယ်သမားများနှင့် ဒေသထွက်သီးနှံများကို အားထားပြီး ကုန်သွယ်မှုပြုနေ သော ကုန်သွယ်လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ၏ လုပ်ငန်းများသည် ရပ်နားထားရပြီး အခက်အခဲများ ကြုံတွေ့နေခဲ့ကြသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် အလုပ် လက်မဲ့များပြားလာခြင်း၊ အလုပ်ရှာဖွေရန် ပြည်ပသို့ ထွက်ခွာခြင်းများကြောင့် လုပ်သားများ ရှားပါး လာခြင်း၊ ပညာရေး၊ ကျန်းမာရေးစသည့် အဘက်ဘက်တွင် ထိခိုက်မှုများ ကြုံတွေ့လာနေ ကြောင်းနှင့် ၎င်းအပေါ်အမြန်ကုစားနိုင်ခြင်းမရှိပါက စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင် ရှားပါးမှု၊ နေ့စဉ်လူမှုဒုက္ခများ ကြုံတွေ့လာနိုင်သည့်အပြင် အခြားမမျှော်မှန်းနိုင်သော လူမှုဆိုးကျိုးများလည်း ဖြစ်ပေါ်စေလာနိုင်သည်ဟု သုံးသပ်မိပါကြောင်း၊
ရှမ်းပြည်နယ်၏ အဓိကဒေသထွက်ကုန် စိုက်ပျိုးသီးနှံ ကုန်စည်များ၊ ပြည်ပပို့ကုန်သီးနှံများ၊ တောင်သူလယ်သမားများ အားထားစိုက်ပျိုးကြသည့် သီးနှံများ ဈေးနှုန်းကျဆင်းနေခြင်း၊ ပြည် တွင်း ပြည်ပဈေးကွက်ပျောက်နေခြင်းများကြောင့် ပြည်သူလူထု၏ နေ့စဉ် လူမှုစီးပွားဘဝ တဖြည်း ဖြည်း ထိခိုက်လာနေမှုအပေါ် အမြန်ကုစားနိုင်ရန် သက်ဆိုင်ရာက မည်ကဲ့သို့ အစီအစဉ်များ ချမှတ် ဆောင်ရွက်လျက်ရှိနေသည်ကို သိရှိလိုပါကြောင်းနှင့် တောင်သူ လယ်သမားများ၏ စိုက်ပျိုး သီးနှံများ ဈေးကွက်ခိုင်မာရေး၊ စိုက်ပျိုးသီးနှံများကို အားပြုဆောင်ရွက်နေကြသော အသေးစားစက်မှု လုပ်ငန်းရှင်များ ဆက်လက်ရပ်တည်နိုင်ရေးတို့အတွက် မည်ကဲ့သို့ကူညီ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။