(က)-ငပုတောမြို့နယ်၏ နွေရာသီတွင် အဆိုးရွား ဆုံးသော သောက်သုံးရေ ပြတ်လပ်မှုကို ဖူလုံစေ ရန် မြေသား မိုးရေလှောင်ကန်များ၊ ရေလှောင်တမံ များ၊ အဝီစိ စက်တွင်းများ အမြန်ဆုံးတည်ဆောက် ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

2017-06-19

မေးခွန်း အကြောင်းအရာ 

u than aungငပုတောမြို့နယ်သည် မြန်မာနိုင်ငံ၏ အနောက်တောင်ဘက်အစွန်းတွင် တည်ရှိပြီး ဘင်္ဂလား ပင်လယ်၊ ကပ္ပလီပင်လယ်၊ သစ်ကတောင်မြစ်၊ ငဝန်မြစ်၊ ပန်မဝတီမြစ် စသည့် မြစ်ကြီးများနှင့် ဝန်းရံကာဆီးထားသော ရေကန်များဝိုင်းနေသော မြို့နယ်တစ်ခုဖြစ်ပြီး ကျေးရွာအုပ်စု ၉၂ အုပ်စုသည်လည်း ပြန့်ကျဲနေသည့် ကျွန်းများအဖြစ် တည်ရှိနေကြပါကြောင်း၊ သို့သော် ငပုတောမြို့နယ်တွင် နှစ်ကာလ ပေါင်းများစွာ ရေငတ်၊ ရေပြတ်ခဲ့သည့် ပြဿနာကို ယနေ့တိုင် မဖြေရှင်းနိုင်သေးသည့် ပြဿနာတစ်ခုအဖြစ် တည်ရှိနေခဲ့ပါကြောင်း၊  ကျေးလက်ဦးစီး ဌာနက ကန်များ၊ ရေကန်များ၊ ရေတွင်းများတူးဖော်ပေးခဲ့သော်လည်း ရေရှားပါးမှုပြဿနာကို ယနေ့အထိ ထိရောက်စွာ ဖြေရှင်းပေးနိုင်ခြင်းမရှိပါကြောင်း၊

ငပုတောမြို့နယ်၊ အနောက်ဘက်ရိုးမ တောင်တန်းကြီးတွင် သဘာဝလျှိုမြောင်များပေါများလှပြီး ပညာရှင်များနှင့် စနစ်တကျ သုတေသနပြု တိုင်းထွာကာ လျှိုပိတ်တမံကြီးများ တည်ဆောက် နိုင်မည်ဆိုပါက ငဝန်မြစ်၏ အနောက်ဘက်ခြမ်းဒေသအတွက် သောက်သုံးရေဖူလုံနိုင် မည်ဖြစ်သည်ကို အကြံပြုပြောကြားလိုပါကြောင်း၊ ငပုတောမြို့ပေါ်ရပ်ကွက်အတွက် ၁၀ ဧက ကျယ်သည့် ရေကန်ကြီးကို အကြီးစားပြန်လည် ပြုပြင်မွမ်းမံခြင်း၊ ဟိုင်းကြီးမြို့၊ ငရုတ်ကောင်း မြို့များနှင့် ကျေးရွာများကို သဘာဝစိမ့်စမ်းရေထွက်များမှ စနစ်တကျသွယ်ယူသိုလှောင် ထားခြင်း များ ဆောင်ရွက်နိုင်ပါက ရေဖူလုံနိုင်ပါကြောင်း၊ လူနေအသိပ်သည်းဆုံးဖြစ်သော အလယ်ကျွန်း ဒေသတွင် ကြီးမားသည့် မြေသားမိုးရေလှောင်ကြီးများလိုအပ်သည့်အပြင် ကျွန်း-၁၊ ကျွန်း-၂၊ ကျွန်း-၃ စသည့် တမံကြီးများကိုလည်း ရေငန်များဝင်ရောက်နိုင်ခြင်းမရှိအောင် လုံခြုံသော ရေထိန်းတံခါးစနစ်များဖြင့် ပြောင်းလဲပြုပြင်တပ်ဆင်ပေးရန် အကြံပြုလိုပါကြောင်း၊

ထို့ကြောင့် ငပုတောမြို့နယ် ပြည်သူများ၏ရေလိုအပ်ချက်ကို မည်သို့ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဆိုသည် ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။