(ခ)- ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊သိမ်ကျောင်း ချောင်း သစ်ဆိပ်စခန်းအနီးရှိ ရေတံခါးအမှတ်(၉) သည် ရေသွင်းရေထုတ်ကောင်းစွာမလုပ်နိုင်တော့ ပါသဖြင့် ၎င်းရေတံခါးအနီးတစ်ဝိုက်တွင် ရေတံခါး အသစ်တစ်လုံး တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-06-19

မေးခွန်း အကြောင်းအရာ 

u aye naingရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ သစ်ဆိပ်စခန်းအနီးရှိ ရေတံခါးအမှတ် (၉) သည်  ဒဂုံမြို့သစ် (တောင်ပိုင်း) စတင်တည်ထောင်သည့်    ၁၉၉၂ ခုနှစ်တွင် အိုးအိမ်ဦးစီးဌာန အပ်ငွေဖြင့် တည် ဆောက်ခဲ့သော ရေထိန်းတံခါးဖြစ်ပါကြောင်း၊ အဆိုပါ ရေထိန်းတံခါးအပါအဝင် ရေထိန်းတံခါးများအား ၂၀၀၈ ခုနှစ်တွင် ဆည်မြောင်းဦးစီးဌာနမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ယခုအချိန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ထိန်းသိမ်းထားသည့် ရေတံခါးဖြစ်သည်ဟု အကြောင်းပြန်ကြားခဲ့ပါကြောင်း၊ ရေတံခါးအမှတ် (၉) သည် ၄ ပေ ၄ ပေခွဲ ရေတံခါးရွက် ခြောက်ပေါက်ရှိပြီး အုတ်ဖြင့်တည်ဆောက်ထားသည့် ရေတံခါးဖြစ်ပါကြောင်း၊ ရေတံခါးကို တည်ဆောက်ခဲ့သည်မှာ  ကြာမြင့်ခြင်း၊ ရေငန်နှင့်အထိတွေ့များခြင်း၊ ထည့်သွင်းတည်ဆောက်ခဲ့သည့် အုတ်များခိုင်ခံ့မှုမရှိခြင်း၊ ဆွေးမြည့်နေခြင်း၊ ရေ တံခါးရွက်နှင့် အုတ်တို့အကြား ချိတ်ဆက်မှု မကောင်းခြင်း၊ ခိုင်ခံ့မှုအားနည်းနေခြင်းတို့ ဖြစ်ပေါ်နေပါကြောင်း၊ အဆိုပါ အမှတ် (၉) ရေထိန်းတံခါးတွင် ရေသွင်းရေထုတ် ကောင်းစွာ မလုပ်နိုင်သဖြင့် ၎င်းရေတံခါး အနီး တစ်ဝိုက်တွင် ရေတံခါးအသစ်တစ်လုံး ပြန်လည်တည်ဆောက်ပေးသင့်ပါကြောင်း၊ ထို့ကြောင့် ရေတံခါးအသစ် တစ်လုံး တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါကမည်သည့် အချိန်ကာလတွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။