(ဂ)-လယ်ယာမြေလုပ်စားပိုင်ခွင့်ပုံစံ(၇) မရှိသော တောင်သူ လယ်သမားများအားချေးငွေ ထုတ်ချေး ပေးရန် တောင်းခံခြင်းနှင့်စပ်လျဉ်း၍ ကြိုးဝိုင်း/ပြင် ကာကွယ်တောဧရိယာအတွင်းရှိလယ်ယာမြေများ ကိုစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးရန်နှင့်စပ် လျဉ်းသည့် မေးခွန်း

2017-06-19

မေးခွန်း အကြောင်းအရာ 

u myint theinမြန်မာနိုင်ငံ၏ကဏ္ဍအလိုက် မြေဧကများတွင် သစ်တောကြိုးဝိုင်းမြေသည် ရာခိုင်နှုန်းအများဆုံးဖြစ်ပြီး အသား တင် စိုက်ပျိုးမြေဧရိယာသည် ၁၇.၇ ရာခိုင်နှုန်းသာရှိပါကြောင်း၊ သစ်တောဝန်ကြီးဌာနမှ ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများ သတ်မှတ်ပြီး စီမံခန့်ခွဲပါကြောင်း၊ တစ်နိုင်ငံလုံးတွင်ရှိသည့် တချို့သစ်တောမြေများ သည် အဖိုးအဖွားတောင်သူလယ်သမားများမှ စိုက်ပျိုးမြေများအဖြစ် ပြောင်းလဲထားပြီးသား ဖြစ်နေသော်လည်း ၎င်းမြေများကို သစ်တောမြေအဖြစ် သတ်မှတ်ထားဆဲဖြစ်ပါကြောင်း၊ လက်ရှိတောင်သူများအနေဖြင့် မြေယာ ပိုင်ဆိုင်ခွင့် လုံခြုံစိတ်ချမှုရှိအောင်  မြေယာမှတ်ပုံတင်ပုံစံ (၇) ပြုလုပ်နိုင်သော်လည်း မတူညီသည့် ဝန်ကြီး ဌာနများ၏ စီမံခန့်ခွဲမှုအောက်တွင် ရောက်ရှိနေသည့်အတွက် မြေယာမှတ်ပုံတင်ပုံစံ (၇) ကို ဆောင်ရွက် ပေးခြင်းမရှိပါကြောင်း၊ ထိုကြောင့် အဆိုပါတောင်သူများအနေဖြင့် ပုံစံ (၇) ပြုလုပ်နိုင်ခြင်း မရှိသည့်အပြင် စိုက်ပျိုးစရိတ်ချေးငွေလည်းမရရှိသဖြင့် အခွင့်အရေးနှစ်ခုလုံး ဆုံးရှုံးနေရပါကြောင်း၊

မိမိတို့ ဝက်လက်မြို့နယ်တွင် ထိုကဲ့သို့လယ်မြေများဧက ၂၀၀၀၀ ကျော်သတ်မှတ်ခံထားရသည့်အတွက် တောင်သူများ များစွာ ဆုံးရှုံးနစ်နာရပါကြောင်း၊ ပုံစံ(၇) ထုတ်မပေးခင် ၂၀၁၂ ခုနှစ်ထိ တစ်နိုင်ငံလုံးတွင်ရှိသည့် လယ်ယာမြေအားလုံးကို တစ်ပြေးညီချေးငွေများ ထုတ်ချေးခဲ့သည့် အထောက်အထားများလည်း ရှိပါကြောင်း၊ ထို့ကြောင့် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော ဧရိယာအတွင်း လက်ရှိလုပ်ကိုင်နေသော တောင်သူများ၏ လယ်ယာမြေများကို စနစ်တကျစိစစ်ပြီး ပုံစံတစ်မျိုးဖြင့်  စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။