(ဃ)- ၂၀၀၃-၂၀၀၄ခုနှစ်တွင်ဂရိတ်ဝေါကုမ္ပဏီက သကြားစက်ရုံ တည်ဆောက်ရန် သိမ်းယူခဲ့သော ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာအုပ်စု၊ အောင် သာယာကျေးရွာနေ တောင်သူ (၂၈)ဦး၏ လယ် ယာမြေ(၄၂.၀၆)ဧကကို မူလမြေပိုင်ရှင်များ ထံ ပြန်လည်ပေးအပ်နိုင်ရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ၂၀၀၃-၂၀၀၄ ခုနှစ်၌ သကြား စက်ရုံ တည်ဆောက်ရန် ထီးချိုင့်မြို့နယ်၊ အေးချမ်းဖြိုးကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မြေ စာရင်းမှူး၊ ဂရိတ်ဝေါကုမ္ပဏီပိုင်ရှင် ဦးတင်မောင်တို့သည် မြတောင်ကျေးရွာအုပ်စု အောင်သာယာ ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ် ၁၆ လုံး အပါအဝင် တောင်သူ ၂၈ ဦးပိုင် လယ်မြေ ၇.၂၉ ဧက၊ ယာမြေ ၁၈ ဧက၊ ကိုင်းမြေ ၁၆.၇၂ ဧက စုစုပေါင်း ၄၂.၀၆ ဧကကို လယ်မြေတစ် ဧကလျှင် ၁၅၀၀၀၀၊ ယာမြေ တစ်ဧကကို ၁.၃၅ သိန်းနှင့် ပေးချေသိမ်းဆည်းခဲ့ပါကြောင်း၊ ထိုသို့ သိမ်းဆည်းရာတွင်လည်း စိုက်ပျိုးသည့် လယ်ယာမြေအပြင် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များကိုပါ နေရာပြောင်းရွှေ့ပေးခဲ့ရကြောင်း၊ ပြောင်းရွှေ့ခအဖြစ် နှစ်ခန်းအိမ်တစ်အိမ်ကို ၁၅၀၀၀၀၊ သုံးခန်းအိမ်ကို ၂၀၀၀၀၀နှင့် ဘုန်းတော်ကြီးကျောင်းအတွက် ပေးချေခဲ့ခြင်းမရှိသည်ကို သိရှိရပါကြောင်း၊ သို့သော်အဆိုပါနေရာသည် သကြားစက်ရုံအတွက် ရေရရှိရေး အခက်အခဲ ကြောင့် စက်ရုံမတည်ဖြစ်ဘဲ အောင်သာယာကျေးရွာ၏ အောက်ဘက် လက်ရှိတည်ထားသည့် မောင်းကုန်းကျေးရွာအနီးတည်ဆောက်ခဲ့ပြီး ယခုအချိန်ထိ လည်ပတ်နေပါကြောင်း၊ အဆိုပါ သိမ်းဆည်းခံ တောင်သူများကလည်း မိမိတို့၏လယ်ယာမြေကို ဂရိတ်ဝေါလ်အကျိုးတူထံမှ နှစ်စဉ် သီးစားခပေးပြီး ယခုအချိန်အထိ စိုက်ပျိုးလာခဲ့ရပါကြောင်း၊
၂၀၁၄ ခုနှစ်တွင် အောင်သာယာကျေးရွာနေ ဦးခွန်မောင်လင်းပါ ၂၈ ဦးသည် ၁-၅-၂၀၁၄ နေ့စွဲဖြင့် ၎င်းတို့၏လယ်ယာမြေကို ပြန်လည်ရရှိရေးအတွက် ပထမအကြိမ် အမျိုးသားလွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားအကျိုးစီးပွားမြှင့်တင်ရေးကော်မတီသို့ တိုင်ကြားခဲ့ပါ ကြောင်း၊ ၎င်းကော်မတီမှ အဆိုပါစာကို လက်ခံရရှိကြောင်းနှင့် အစိုးရအဖွဲ့ရုံးသို့ ဆက်လက် ပေးပို့ခဲ့သော်လည်း အကြောင်းတစ်စုံတစ်ရာပြန်ကြားခဲ့ခြင်းမရှိကြောင်း၊ ထိုမှတစ်ဆင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌကြီး၏လမ်းညွှန်ချက်အရ တိုင်ကြားစာကိစ္စကို အမျိုးသားလွှတ်တော်တွင် ကြယ်ပွင့်မပြမေးခွန်းမေးမြန်းရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ အဆိုပါ ကော်မတီ၏ တင်ပြစာနှင့် ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ပြီးစီးမှုအခြေအနေအကြောင်းပြန်ခြင်းတွင် ကော်မတီ ဥက္ကဋ္ဌ ဦးဆွေအောင်က ဂရိတ်ဝေါလ်ကုမ္ပဏီသည် အဆိုပါ လန(၃၉)ရရှိထားသောမြေ၌ ၂၀၀၅ ခုနှစ်မှ စတင်၍ သကြားစက်ရုံ ဆောက်လုပ်လည်ပတ်ခဲ့ပြီး လုပ်ငန်းများဆောင်ရွက်လျက် ရှိပါသဖြင့် အဆိုပါမြေအား ပြန်လည်စွန့်လွှတ်လိုမှု မရှိသည်ကို သိရှိပါကြောင်းဟူ၍ စာဖြင့် ပြန်ကြားခဲ့ပါ ကြောင်း၊
အောင်သာယာတောင်သူများက အဆိုပါဖြစ်စဉ်အား ၂၀၁၆ ခုနှစ်တွင် ထပ်မံတင်ပြ လာသည့်အပေါ် မိမိကိုယ်တိုင်ကွင်းဆင်းကြည့်ရှုခဲ့ပြီး မည်သည့်စက်ရုံမှမရှိဘဲ မြေပြင် ပကတိ ဖြစ်နေသည်ကို တွေ့ရှိရသည့်အတွက် အမျိုးသားလွှတ်တော်ကိုလည်း မှားယွင်းဖြေဆိုထားသည်ကို သိရှိရပါကြောင်း၊
ထို့ကြောင့် ၂၀၀၃-၂၀၀၄ ခုနှစ်တွင် ဂရိတ်ဝေါကုမ္ပဏီက သကြားစက်ရုံတည်ဆောက်ရန် သိမ်းယူခဲ့သော ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာအုပ်စု၊ အောင်သာယာကျေးရွာနေ တောင်သူ ၂၈ ဦး၏လယ်ယာ မြေစုစုပေါင်း ၄၂.၀၆ ဧကကို မူလမြေပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။