(ခ)-ပြည်ပရောက်မြန်မာနိုင်ငံသားအချင်းချင်းလက် ထပ်ပေါင်းသင်းရာမှ မွေးဖွားလာသော ကလေးများ အား မြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြု၊ တရား ဝင်မွေးစာရင်းထုတ်ပေးရန်နှင့် ကျောင်းသားအဖြစ် လက်ခံပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2017-06-21

မေးခွန်း အကြောင်းအရာ 

မြန်မာနိုင်ငံသည် ဆင်းရဲနွမ်းပါးပြီး အလုပ်အကိုင်အခွင့်အလမ်း ရှားပါးသည့်အတွက် မြန်မာနိုင်ငံသားများသည် ပြည်ပနိုင်ငံများတွင် တရားမဝင်အလုပ်သွားရောက်လုပ်ကိုင်ရပါ‌ကြောင်း၊ တရားဝင်သွားရောက် အလုပ်လုပ်ကိုင် လိုသော်လည်း တရားဝင်နိုင်ငံကူးလက်မှတ်လုပ်ရန် ငွေကြေးများစွာကုန်ကျခြင်း၊ ပြည်တွင်း/ပြည်ပ အလုပ် အကိုင်ရှာဖွေရေး အေဂျင်စီ်၊ ပွဲစားများက ငွေကြေးလိမ်လည်မှုများရှိနေခြင်း၊ ပညာအရည်အချင်းနိမ့်ပါးနေ ခြင်းတို့ ကြောင့် ပြည်ပနိုင်ငံများကို တရားမဝင်သွားရောက် အလုပ်လုပ်ရပါကြောင်း၊ နိုင်ငံသားအချင်းချင်း ပြည်ပတွင် အလုပ်လုပ်ကိုင်နေစဉ် ပေါင်းသင်းရာက ကလေးများမွေးဖွားလာပါကြောင်း၊ တရားဝင်မွေးစာရင်းရခွင့် မရှိသည့် အတွက် မွေးဖွားလာသောကလေးများသာမက၊ မိဘများပါ ပြည်ပနိုင်ငံတစ်ခုခု၏ နိုင်ငံသားအဖြစ် ခံယူသွားကြ သည်မှာ များပြားလျက်ရှိပါကြောင်း၊ နိုင်ငံမဲ့လူသားဘဝဖြစ်နေခြင်းမှာလည်း ရင်နင့်စရာ ဖြစ်နေပါကြောင်း၊ အစိုးရ၏ လူမှု ကာကွယ်ရေး စောင့်ရှောက်မှုမရသည့်အတွက် မိမိတို့နိုင်ငံ၏ အလွန်တန်ဖိုးရှိသော လူသားအရင်းအမြစ် ဆုံးရှုံး လာရပါကြောင်း၊ ပြည်ပနိုင်ငံတွင် အလုပ်လုပ်ကိုင်နေစဉ် လူကုန်ကူးခြင်း၊ လူ့အခွင့်အရေးများစွာ ဆုံးရှုံးရခြင်းများရှိပါကြောင်း၊ ယခုမေးခွန်းကို မမေးမြန်းခင် မိမိတို့၏ဒေသရှိ သက်ဆိုင်ရာကို စုံစမ်းမေးမြန်းခဲ့ရာ ၂၀၁၇ ခုနှစ် မေလအထိ ယခုမေးခွန်း၏အဖြေကို လွိုင်ကော် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနတို့က ယင်းကိစ္စအတွက် သီးသန့်အစီအစဉ် မရှိသေးပါကြောင်းနှင့် ငါးဦးကော်မတီဖြင့်သာ မြန်မာနိုင်ငံတွင် မွေးဖွားသည့် ကလေးကိုသာ ဆောင်ရွက်ပေးသည်ဟု ဖြေကြားခဲ့ပါကြောင်း၊ ထို့ကြောင့် ပထမမေးခွန်းအနေဖြင့် တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ကြသော ပြည်ပရောက် မြန်မာ နိုင်ငံသားအချင်းချင်း ပေါင်းသင်းရာမှ မွေးဖွားလာသော ကလေးများကို မြန်မာနိုင်ငံအစိုးရက မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုတရားဝင်မွေးစာရင်းထုတ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သို့မည်ပုံဆောင်ရွက် ပေးမည်ကိုလည်းကောင်း၊ ဒုတိယမေးခွန်းအနေဖြင့် တရားမဝင် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်ကြသော မြန်မာနိုင်ငံသားအချင်းချင်း ပေါင်းသင်းရာက မွေးဖွားလာသော ကလေးများကို တရားဝင်ကျောင်းသားများအဖြစ် လက်ခံသင်ကြားနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သို့ဆောင်ရွက်မည်ကို လည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။