(စ)-မိုးရာသီကာလတွင် မိုးစပါးများနှစ်စဉ်ရေမြုပ်မှု များကြောင့် ဒါးကမြစ်နှင့် အိမ်မဲချောင်းတို့အား ရေ စီးရေလာ ကောင်းမွန်ရေးအတွက် မြစ်နုန်းများ ဆယ်ယူပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းကုန်းမြို့နယ်သည် နှစ်စဉ်ရေကြီးပါက ဧကပေါင်း ၃၀၀၀၀ ကျော် ခန့်ပျက်စီးပါကြောင်း၊ ဒါးကချောင်းကြီးသည် ပေ အကျယ် ၆၀၀ ခန့်ရှိပြီး ရေထုတ်သည့် ချောင်းမှာ ပေ ၂၀၀ ခန့်ရှိသည့် ကျောင်းကုန်း-မင်းမနိုင်-အိမ်မဲချောင်းဖြစ်ပါကြောင်း၊ ကျောင်းကုန်း-အိမ်မဲ ချောင်းလေးမှ ရေနုတ်မြောင်းဖြစ်သည့် အတွက်ကြောင့် ၎င်းမြောင်းသည် အဓိကကျသည့် မြောင်းဖြစ်ပါကြောင်း၊ ရေနုတ်မြောင်းများ ကောင်းမွန်စေရန်အတွက် ဒါးကမြစ်မှလာသည့် ကန်ကြီးထောင့်၊ ကန်ကြီးထောင့်မှ သာပေါင်း၏ အောက်ဘက်တွင်ရှိသည့် ရွှေမျှင်များ၏ အထက်တွင် ဇီးဖြူကုန်းကိုဆင်းသည့် ချောင်းကိုကြည့်မည်ဆိုလျှင် ကွေ့ပေါင်း ၁၃ ခုခန့် ဖြစ်နေပါကြောင်း၊ အဆိုပါကွေ့များသည် ရေစီးဆင်းမှုကို နှောင့်နှေးစေသည့်အတွက် ရေစီးရေလာကောင်းမွန်စေရန် ပညာရှင်များကွင်းဆင်းစစ်ဆေးပြီး အကွေ့ အကောက် မြောက်မြားစွာကို ဖြေလျော့ပေးရမည် ဖြစ်ပါကြောင်း၊
ဂျုံးဂျုံးကျရေနုတ် မြောင်းသည် ကျောင်းကုန်းမြို့နယ်အပါအဝင် ကျုံပျော်မြို့နယ်၊ ဓနုဖြူမြို့နယ်၊ ပန်းတနော်မြို့နယ်က မြစ်ရေများကို ထိုချောင်းမှတဆင့် မြစ်ရေ ကြီးမှုကို ရေနုတ်မြောင်းကြီးဖြစ်ပါကြောင်း၊ ဂျုံးဂျုံးကျမြောင်း၏ ထိပ်ဖျားတွင် ကော့သလန်ရေထိန်းတံခါးကိုလည်း တည်ဆောက် ထားပါကြောင်း၊ ၎င်းရေထိန်းတံခါးသည် ကျုံပျော်နှင့် ပန်တနော်ကို ရေမျှတအောင်ဆောင်ရွက်ပေးသည့် ရေထိန်းတံခါးဖြစ်သော် လည်း တောင်သူလယ်သမားများအတွက် နှစ်စဉ်ပြဿနာနှင့် ကြုံတွေ့နေရသည့် ရေထိန်းတံခါးဖြစ်ပါကြောင်း၊ ထိုရေထိန်းတံခါး၏ ရေရင်းသည် ၁၄ ပေနှင့် ၅ လက်မရှိသည့်အတွက် ရေက ၁၄.၅ ပေရှိမှ ပန်းတနော်ဘက်ခြမ်းသို့ ရေကကျော်သွားသည့်အတွက်ကြောင့် သီးနှံများပျက်စီးသကဲ့သို့ ကျောင်းကုန်း မြို့နယ်တွင်လည်း ရေစီးဆင်းမှုကို အဟန့်အတားဖြစ်စေပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းကုန်းတွင်ရှိသော မြို့နယ်များတွင် အသုံးပြုသည့် ဒါးကမြစ်ချောင်းနှင့် ရောင်ကြီး၊ အိမ်မဲ၊ ကျောင်းကုန်း၊ မင်းမနိုင်ချောင်းကိုလည်း မြစ်နုန်းများဆည်ယူရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်ဘတ်ဂျက်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။