(ဂ)-ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ် ကျေးရွာ၊ တိုက်နယ်ဆေးရုံတွင် ခွင့်ပြု(ဝန်ထမ်း) အင်အား အပြည့်အဝ ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ပုဏ္ဏားကျွန်းမြို့နယ် (မြောက်ပိုင်း) ရှိ ယိုးတရုတ်ကျေးရွာသည် ရန်ကုန်-စစ်တွေကားလမ်းမကြီးဘေးတွင် တည်ရှိပြီး အိမ်ခြေပေါင်း ၁၂၀၀ ကျော်ရှိပါကြောင်း၊ ယခုအစိုးရသစ်လက်ထက် ရခိုင်ပြည်နယ်လွှတ်တော်တွင် ယိုးတရုတ်ကျေးရွာကို မြို့အဖြစ် အဆင့်တိုးမြှင့်ရန် သဘောတူဆုံးဖြတ်ခဲ့သည့်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆက်လက်ဆောင်ရွက် လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ယိုးတရုတ်တိုက်နယ်ဆေးရုံသည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ တိုက်နယ်ဆေးရုံ သုံးခုရှိသည့်အနက် ပထမဆုံးခွင့်ပြုပေးခဲ့သော တိုက်နယ်ဆေးရုံဖြစ်ပါကြောင်း၊ ၎င်းဆေးရုံသည် ပုဏ္ဏားကျွန်း မြို့နယ်(မြောက်ပိုင်း) ကျေးရွာ ၅၇ ရွာ၊ ကျောက်တော်မြို့နယ်မှ ကျေးရွာ ၁၂ ရွာ၊ မြောက်ဦးမြို့နယ်မှ ကျေးရွာ ငါးရွာ စုစုပေါင်းကျေးရွာ ၇၄ ရွာမှ လူဦးရေ ၅၀၀၀၀ ခန့်ရှိ ပြည်သူများက အားကိုးနေရသော တိုက်နယ်ဆေးရုံဖြစ်ပါကြောင်း၊
ယိုးတရုတ်တိုက်နယ်ဆေးရုံအဆောက်အအုံသည် နိုင်ငံတော်အစိုးရက စနစ်တကျတည်ဆောက် ပေးထားသော ဆေးရုံအဆောက်အဦ မဟုတ်ပါကြောင်း၊ ပတ်ဝန်းကျင်ကျေးရွာ ၅၇ ရွာ မှ လွန်ခဲ့သောနှစ်ပေါင်း ၃၆ နှစ်ကပင် ပြည်သူများကကိုယ့်အားကိုယ်ကိုးတည်ဆောက်ထားသော အဆောက်အဦဖြစ်ပါကြောင်း၊ ယိုးတရုတ် တိုက်နယ်ဆေးရုံတွင် ရိုးရိုးသူနာပြုဆရာမနည်းသည့်အတွက် ကျန်းမာရေး စောင့်ရှောက်မှုအခက်အခဲနှင့် ရင်ဆိုင်ခဲ့ ရပါကြောင်း၊ အချိန်ကိုလု၍ ဆေးကုသပေးရမည့်အရေးပေါ်လူနာပေါ်ပေါက်လာပါက အသက်အန္တရာယ် မဆုံးရှုံး သွားနိုင်စေရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဝန်ထမ်းကိုးဦးအထိ ရရှိနေသော ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာ တိုက်နယ်ဆေးရုံမှာ ဝန်ထမ်းအင်အားအပြည့်အဝ ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် ခန့်ထားပေးပါမည်နည်း၊မရှိပါက မည်သည့်အတွက်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။