(က)-မာန်အောင်မြို့နယ်၊ရဲကျွန်းပေါ်ရှိပြည်သူများ လုံခြုံမှုအတွက် ရဲစခန်း သို့မဟုတ် ရဲကင်း ချထား ပေးရန်အစီအစဉ်ရှိ/ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
မာန်အောင်ကျွန်းသည် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂလားပင်လယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကျွန်းကြီးဖြစ်ပါကြောင်း၊ ကျေးရွာအုပ်စု ၃၆ အုပ်စု၊ မြို့ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၁၃၇ ရွာ၊ ကျေးရွာအုပ်စု ၃၆ အုပ်စုဖြင့် ဖွဲ့စည်းထားရှိပါကြောင်း၊ ရဲကျွန်းအုပ်စုသည် မာန်အောင်ကျွန်း၏ အရှေ့ဘက် ရေမိုင် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိပြီး ၎င်းကျွန်းပေါ်တွင် ရဲကျွန်းမြောက်ရွာနှင့် ရဲကျွန်းတောင်ရွာ ဟုခေါ်သည့် ရွာကြီး နှစ်ရွာရှိပါကြောင်း၊ တောင်ရွာနှင့် မြောက်ရွာသည် အိမ်ခြေ ၆၀၀ ခန့်၊ လူဦးရေ ၁၈၀၀ ကျော် ရှိပါကြောင်း၊ ရဲကျွန်းမြောက်ရွာတွင် တွဲဖက်အစိုးရ အထက်တန်းကျောင်း တစ်ကျောင်း၊ ကျေးလက် ကျန်းမာရေး ဌာနတစ်ခု ရှိကြပါကြောင်း၊ ရဲကျွန်းပေါ် နေထိုင်ကြသည့် ပြည်သူများသည် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အဆင်ပြေကြသော်လည်း လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်မှု ရှိကြသည့်အတွက် စီးပွားရေး အဆင်ပြေသူ တချို့အနေဖြင့် ရဲစခန်းရှိသည့် မာန်အောင်မြို့နှင့် တောင်ကုတ်မြို့များကို ပြောင်းရွှေ့နေကြသည်ကိုလည်း သိရှိရပါကြောင်း၊ မိုးရာသီ ရောက်ပြီဆိုပါက ရဲကျွန်းပေါ် နေထိုင်ကြသည့် ပြည်သူများသည် လုံခြုံမှုအတွက် ပိုမိုစိတ်သောက ရောက်ကြရပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ဘဝလုံခြုံရန်အတွက် ရဲကျွန်းပေါ်တွင် ရဲစခန်း သို့မဟုတ် ရဲကင်းချထားပေးရန် အစီအစဉ် ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့် မရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။