(ဂ)-ပြည်သူ့ရဲတပ်ဖွဲ့များအား လုံလောက်သော လက်နက်ကိရိယာများ၊ ဆက်သွယ်ရေးစက်များ၊ နည်းပညာများ၊ မော်တော်ယာဉ်စက်သုံးဆီများ၊ ယူနီဖောင်းများ၊ ရိက္ခာများ ဖြည့်တင်း ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာတွင် နိုင်ငံအေးချမ်း တည်ငြိမ်ရေးနှင့် နိုင်ငံသားများ ဘေးကင်းလုံခြုံရန် အလွန်အရေးကြီးပါကြောင်း၊ တရားဥပဒေ စိုးမိုးမှုအောက်တွင် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် အရည်အချင်း ပြည့်ဝပြီး အင်အားတောင့်တင်း ခိုင်မာသော ရဲတပ်ဖွဲ့ဝင်များ လိုအပ်ပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ အထူးနှင့် အထွေထွေဥပဒေ၊ ဒေသန္တရဥပဒေနှင့် ရဲအက်ဥပဒေ စသည်များနှင့်အတူ လုပ်ကိုင်ဆောင်ရွက်ကြရသလို တရားစီရင်ရေး ကဏ္ဍနှင့် လည်း ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ကြရသည့်အတွက် လုံလောက်သော ရဲတပ်ဖွဲ့အင်အားနှင့် လိုအပ်သော နည်းပညာပိုင်း၊ လက်နက် တပ်ဆင်မှုပိုင်း၊ ဆက်သွယ်ရေး စက်ကိရိယာပိုင်း စသည်တို့အပြင် တပ်ဖွဲ့ဝင်များအတွက် လုံလောက်သောရိက္ခာနှင့် ဝန်ဆောင်မှု အပိုင်းများလည်း မလွဲမသွေ လိုအပ်လာပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်စာရင်းအရ ရဲတပ်ဖွဲ့အင်အား ၇၂၀၀၀ သာရှိသည့်အတွက် ပြည်သူကို ထိရောက်သော ဝန်ဆောင်မှု ပေးနိုင်ရန် ရဲဝန်ထမ်း ၇၀၀၀၀ ကျော် လိုနေပါကြောင်း၊ နိုင်ငံတကာတွင် ရဲတစ်ဦးကို ပြည်သူ ၄၀၀ နှင့် အချိုးကျလုံခြုံရေး ဆောင်ရွက်သော်လည်း၊ မြန်မာနိုင်ငံတွင် ပြည်သူ ၁၂၇၄ ဦးကို တာဝန်ယူ နေရသည့်အတွက် လုံလောက်သော ကူညီမှုကို မပေးနိုင်ပါကြောင်း၊ လိုအပ်နေတဲ့ ရဲတပ်ဖွဲ့များ တိုးချဲ့ရန်အတွက် ရဲတပ်သား၊ အရာရှိ၊ အရာခံ၊ တပ်သားများစွာ လိုအပ်ပါကြောင်း၊ ရဲတပ်ဖွဲ့သို့ ဝင်ရောက် အမှုထမ်းနိုင်ရန်အတွက် မိမိတို့ ပြည်သူများကို စွဲဆောင်စည်းရုံးနိုင်ရပါမည် ဖြစ်ပါကြောင်း၊ ယခု လက်ရှိ အနေအထားအရ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော်လည်း ရဲတပ်ဖွဲ့က လစာ၊ ရိက္ခာ၊ ယူနီဖောင်းများ လုံလောက်စွာ မရရှိပါဟု မဲဆန္ဒနယ်ရှိ ပြည်သူ့ရဲတပ်ဖွဲ့များ၏ ပြောကြားချက်အရ သိရှိရပါကြောင်း၊
ထို့အပြင် ရဲတပ်ဖွဲ့များအနေဖြင့် ကြီးမားသော တာဝန်တစ်ခုဖြစ်သော တရားခံကို လိုက်လံ ဖမ်းဆီးရသည့်အခါ ခရီးစရိတ်၊ တည်းခိုစရိတ် စသည်တု့ိကို တာဝန်ကျ အမှုစစ်အရာရှိက စိုက်ထုတ် သုံးစွဲရပါကြောင်း၊ တရားခံကို ရုံးပေါ်တင်ပြီးသည့်အခါမှသာ ၎င်းစရိတ်များကို ပြန်လည်ရရှိသော်လည်း လုံလောက်ကာမိသော စရိတ်တစ်ခု မဟုတ်သည့်အတွက် လာဘ်စားရန် တွန်းပို့နေသလို ဖြစ်နေပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် လုံလောက်သော ယာဉ်နှင့် စက်သုံးဆီများလည်း လိုအပ်ပါကြောင်း၊ ဥပမာ - နယ်ထိန်းများ ဆိုင်ကယ် လိုအပ်ပါကြောင်း၊ တစ်ခါတရံ အရေးပေါ် အခြေအနေများအရ လုံခြုံရေးလမ်းကြောင်း လိုက်ရသည့် အခါများတွင် သက်သေခံအဖြစ် သိမ်းထားသော လိုင်စင်မဲ့ကားများကို လိုအပ်ချက်အရ ယူသုံးရသည့်အတွက် ပြည်သူများ၏ အမြင်တွင် မတင့်တယ်ပါကြောင်း၊ ရဲတပ်ဖွဲ့များကို တပ်ဆင်ပေးသော လက်နက်များက ခေတ်မီမှု မရှိတော့ဘဲ တချို့လက်နက်များသည် ချက်ချင်း အသုံးမပြုနိုင်သော အခြေအနေများကြောင့် မိမိတို့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ မသေသင့်ဘဲ အသက်ဆုံးရှုံးခဲ့ရသလို ပြည်သူများ၏ လုံခြုံရေးအတွက်လည်း စိုးရိမ်စရာဖြစ်ပါကြောင်း၊ လုံခြုံရေးအတွက် ရဲစခန်းများတွင် CCTV များ တပ်ဆင်ရန် လိုအပ်သော်လည်း သက်ဆိုင်ရာ စခန်းက စခန်းမှူးက ကိုယ့်နည်းကိုယ့်ဟန်နှင့် ဖြေရှင်းရသည်ဟု သိရပါကြောင်း၊
ခေတ်မီသော ဆက်သွယ်ရေး စက်ကိရိယာ၊ စကားပြောစက်များ လုံလောက်စွာ တပ်ဆင်ပေးသင့်ပါကြောင်း၊ သို့မှသာ မှုခင်းဖြစ်ပွားသည်ကို အချိန်နှင့် တစ်ပြေးညီ သိရှိရပြီး ပြည်သူများကို ကာကွယ် စောင့်ရှောက်နိုင်မည် ဖြစ်သည့်အပြင် မြို့နယ်ရဲစခန်းများတွင် အဆင့်ဆင့်နှင့် အုပ်ချုပ်ရေးအဖွဲ့များက လုံခြုံရေးစီမံချက်များ၊ မှုခင်းဖြစ်ပွားမှု အခြေအနေများကို တောင်းဆို Report တောင်းသည့်အခါ စာများ၊ မိတ္တူများ တစ်ပုံတစ်ပင်ရိုက်ပြီး ပေးပို့ရသည့်အတွက် Stationary နှင့် မိတ္တူကူးခများ ခွင့်ပြုရန်ပုံငွေထက် အမြဲတမ်းကျော်လွန် သုံးစွဲနေရသည့် အတွက် ရဲစခန်းများကို ကွန်ပျူတာ၊ မိတ္တူကူးစက်များလည်း စီစဉ်ပေးသင့်ပါကြောင်း၊
လက်ရှိအခြေအနေတွင် ပြည်သူများ၏ လုံခြုံမှုကို စိန်ခေါ်နေမှုများ ရှိပါကြောင်း၊ ပုံမှန်ဖြစ်နေကျ အမှုများအပြင် မူးယစ်ဆေးဝါးအန္တရာယ်၊ ပုံစံမျိုးစုံနှင့် ကျူးလွန်သော ပြစ်မှုများ၊ အုပ်စုဖွဲ့ကျူးလွန်မှုများ၊ အစွန်းရောက် အကြမ်းဖက်မှုများကို ထိရောက်စွာ နှိမ်နင်းနိုင်ရန်အတွက် ပြည်သူ့ရဲတပ်ဖွဲ့ကြီး တောင့်တင်းခိုင်မာစေရန် အထက်တွင် တင်ပြသကဲ့သို့ မလွဲမသွေ ဖြည့်ဆည်းရန် လိုအပ်သည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့များအား လုံလောက်သော လက်နက်ရိက္ခာများ၊ ဆက်သွယ်ရေးစက်များ၊ နည်းပညာများ၊ မော်တော်ယာဉ်၊ စက်သုံးဆီများ၊ ယူနီဖောင်းများ၊ ရိက္ခာများ ဖြည့်တင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သို့စီမံထားကြောင်း၊ မရှိပါက မည်သည့် အတွက်ကြောင့်ဖြစ်သနည်း ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။