(ဃ)-မြန်မာနှင့်တရုတ်သဘာဝဓာတ်ငွေ့သွယ်တန်း ရောင်းရငွေအမြတ်မည်မျှရှိပါကြောင်းနှင့် ရှမ်းပြည် နယ် လွှတ်တော်တွင် အတည်ပြုပြီးသော ရောင်းရ ငွေအမြတ် ၅% ကို ဘဏ္ဍာရန်ပုံငွေသို့ မည်သည့် အချိန်တွင် ထည့်သွင်းရေးဆွဲ ချမှတ်ပေးမည်ကို သိ လိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-06-26

မေးခွန်း အကြောင်းအရာ 

nan khan ayeမြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား သွယ်တန်းထားသော ရေနံပိုက်လိုင်းသည် ၇၇၁ ကီလိုမီတာရှိပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်း ၇၉၃ ကီလိုမီတာရှိပါကြောင်း၊ အခြားနိုင်ငံ၏ စီးပွားရေးအတွက် မိမိနိုင်ငံအတွင်းက ဖြတ်သန်းသွားရသည့် အတွက်ကြောင့် မြန်မာနိုင်ငံက ရရှိသည့် ခံစားခွင့်များသည် ပိုက်လိုင်းလမ်းကြောင်း ဖြတ်သန်းခ၊ မြန်မာနိုင်ငံမှ ဖြတ်သန်း ပို့ဆောင်ရသည့်အတွက် ပို့ဆောင်ခ၊ ပြည်တွင်းသုံးရန်အတွက် သဘာဝဓာတ်ငွေ့နှင့် ရေနံပမာဏ အချိုးအစားတစ်ရပ်ကို ရရှိရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အကယ်၍ စစ်မက်ဖြစ်ပွားရာဒေသကို ပိုက်လိုင်းသွယ်တန်း၊ ဖြတ်သန်းရမည်ဆိုလျှင် Insurance အတွက်က မည်မျှ၊ Dangerous Fees ကမည်မျှဆိုပြီး ထပ်မံ ရရှိပါကြောင်း၊ ပိုက်လိုင်းသွယ်တန်းရာတစ်လျှောက်တွင် ဒေသခံများ၏ ဆုံးရှုံးမှုများ၊ နစ်နာမှုများနှင့် ပိုက်လိုင်းလမ်းကြောင်း ဖြတ်သန်းခကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် နည်းပါးနေသည့် အတွက်ကြောင့် ပြန်လည်သုံးသပ်သင့်ပါကြောင်း၊ မေလ ၁၉ ရက်နေ့တွင် ထုတ်သည့် ဆင်ဟွာ သတင်းဖော်ပြချက်အရ ဤစီမံကိန်းမှ ရရှိနိုင်သောအကျိုးအမြတ်သည် နိုင်ငံတော်အခွန် ဝင်ငွေနှစ်စဉ် Right way Fee အမေရိကန်ဒေါ်လာ ၁၃.၈၁ သန်းတို့ဖြစ်ပြီး စီမံကိန်း၏ အစုရှယ်ယာဝင် အနေဖြင့် ရင်းနှီးမြှုပ်နှံမှုမှ အမြတ်ဝင်ငွေ၊ Training ရန်ပုံငွေနှင့် လူမှုစီးပွား ပံ့ပိုးငွေတို့ကိုလည်း နှစ် (၃၀) ကြာ ခံစားနေသည်ကို တွေ့ရှိရပါကြောင်း၊ ဤပိုက်လိုင်းနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်အတွင်း ဖြတ်သန်းသွားသော Gas ပိုက်လိုင်းအတွက် Gas ရောင်းရငွေ၏ အမြတ် ၅ ရာခိုင်နှုန်းကို ရှမ်းပြည်နယ်ဘဏ္ဍာသို့ နှစ်စဉ်ပေးပါရန်နှင့် Gas မှ ဖြစ်ပေါ်လာသည့် အကျိုးအပြစ်များအတွက် နိုင်ငံတော်မှမည်သို့ ဆောင်ရွက်ထားသင့်သည်ကို ရှမ်းပြည်နယ်အစိုးရမှ တိကျစွာ တောင်းဆိုပေးပါရန် တောင်းဆိုသည့် အဆိုကို ၂၆-၁၀-၂၀၁၂ ခုနှစ်၊ ပထမ အကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် အတည်ပြုနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်း အဆိုနှင့်ပတ်သက်ပြီး နိုင်ငံတော်မှထွက်ရှိသည့် သယံဇာတ တစ်မျိုးမျိုးကိုဖြစ်စေ၊ ပြည်ထောင်စုအတွင်းရှိ နယ်မြေအပိုင်းအခြား တစ်ခုခုကိုဖြစ်စေ၊ ပြည်ထောင်စု၏ အကျိုးစီးပွားအတွက် အသုံးပြုပါက သက်ဆိုင်ရာ ဒေသအား သင့်တင့်မျှတသော ကြေးသတ်မှတ်ပေးရန် နိုင်ငံတော်မှ စဉ်းစားထားလျက် ရှိပါကြောင်း၊ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြစ်သည့် မြန်မာနိုင်ငံအတွင်း ပိုက်လိုင်းဖြတ်သန်းခကိုလည်း နိုင်ငံတော်မှ ရယူထားပြီးဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်အတွင်း ဖြတ်သန်းသွားသော မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအတွက် ထိုက်သင့်သည့် အကျိုးတစ်ရပ်ကို ရှမ်းပြည်နယ်အစိုးရသို့ လွှဲပြောင်းပေးအပ်ရန် နိုင်ငံတော်မှ စဉ်းစားသုံးသပ်လျက်ရှိပါကြောင်းနှင့် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဆောင်ရွက်မှု၊ တိုးတက်မှုအခြေအနေများကို အနီးဆုံးကျင်းပမည့် လွှတ်တော်ကို အသိပေးတင်ပြသွားမည်ဟု ပြည်ထောင်စုဝန်ကြီး၏ ဖြေကြားချက်ကို ရှမ်းပြည်နယ်လျှပ်စစ်ဝန်ကြီးက ကိုယ်စားဖြေကြားခဲ့ပါကြောင်း၊ Gas မှ ဖြစ်ပေါ်လာသည့် အကျိုးအပြစ်များအတွက် မည်ကဲ့သို့ ဆောင်ရွက်ထားရမည်ဆိုသည်ကို စွမ်းအင်ဝန်ကြီးဌာနမှ ဖြေကြားခဲ့ပြီး ၎င်း လုပ်ငန်းများကို ဦးဆောင်ပေးနေရသည့် အတွက်ကြောင့် ရှမ်းပြည်နယ်ရန်ပုံငွေကို နှစ်စဉ်ပေးအပ်ရန် တင်ပြထားသည့် ကိစ္စနှင့်ပတ်သက်ပြီး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လတ်တလောတွင် ဆောင်ရွက်ထားသည့် အ‌ခြေအနေမရှိသေးကြောင်းနှင့် လက်ရှိဘဏ္ဍာရေးနှစ် ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ထည့်သွင်းရေးဆွဲထားခြင်း မရှိသေးကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ‌အောက်တိုဘာလ ၄ ရက်နေ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကို တင်ပြထားသောစာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အကြား ဘက်ညီမျှတစွာ ခွဲဝေသုံးစွဲနိုင်စေမည့် အခွင့်အလမ်းများ ဖန်တီးပြီး လူ့စွမ်းအားအရင်းအမြစ် တိုးမြှင့်စေရေး ဆောင်ရွက်ရန်အတွက် ၎င်း စီမံကိန်းမှ ရသင့်ရထိုက်သည့်ငွေများကို ရှမ်းပြည်နယ်ဘဏ္ဍာငွေကို အပြည့်အဝပေးရန် လိုအပ်နေပါကြောင်း၊ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့်ပတ်သက်ပြီး တစ်နှစ်တွင် Gas ရောင်းရငွေ မည်မျှရှိ၍ အမြတ်မည်မျှရရှိပါကြောင်းနှင့် လွှတ်တော်မှအတည်ပြုပြီးသည့် Gas ရောင်းရငွေ၏ အမြတ် ၅ ရာခိုင်နှုန်းကို ရှမ်းပြည်နယ်ဘဏ္ဍာငွေသို့ မည်သည့်အချိန်တွင် စတင်ရေးဆွဲချမှတ် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။