(စ)-လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရှိအငယ်တန်း အင်ဂျင်နီယာ(၂) ရာထူးသို့ တိုးမြှင့်ပေးရန် ၂၀၁၆ ခုနှစ်၊ ဇွန်လအတွင်း ဖြေဆိုထားသူ ( ၁၀၄ ) ဦးမှ အရည်အချင်း ပြည့်မီသူများကို ရာထူးတိုးပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-06-26

မေးခွန်း အကြောင်းအရာ 

u khin ayeယခင်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်က လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက လက်ထောက် ကြီးကြပ်ရေးမှူး မြို့နယ်အဆင့်ဝန်ထမ်း ၁၀၀ ခန့်ကို အငယ်တန်း အင်ဂျင်နီယာ(၂) ရာထူး တိုးမြှင့်ပေးရန်အတွက် ဌာနတွင်း ရာထူးတိုးစာမေးပွဲနှင့် လူတွေ့စစ်ဆေးမှုများ ပြုလုပ်ပြီး အရည်အချင်းပြည့်မီသူ ၁၇ ဦးကို ၂၀၁၂ ခုနှစ်တွင်လည်းကောင်း၊ ၁၉ ဦးကို ၂၀၁၅ ခုနှစ်တွင် လည်းကောင်း ရာထူးတိုးပေးခဲ့ပါကြောင်း၊ ယခုအစိုးရသစ် လက်ထက်တွင်လည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှအပ ကျန်တိုင်း ဒေသကြီးနှင့်ပြည်နယ် ၁၂ ခုမှ လက်ထောက်ကြီးကြပ်ရေးမှူး မြို့နယ်အဆင့်ဝန်ထမ်း ၁၀၄ ဦး ကို အငယ်တန်း အင်ဂျင်နီယာ(၂) ရာထူးတိုးပေးရန် ဌာနတွင်းလူတွေ့စစ်ဆေးမှုကို ၂၀၁၆ ခုနှစ် ဇွန်လအတွင်းက ပြုလုပ်ခဲ့ပြီး လူတွေ့ဖြေဆိုထားသော ဝန်ထမ်းများအနေဖြင့်  ယနေ့အထိ ရာထူးတိုးမြင့်ခြင်း အခြေအနေကို သိရှိလိုကြပါကြောင်း၊

လူတွေ့ဖြေဆိုထားကြသူများသည် လက်ရှိရာထူးတွင် လုပ်သက် ၂၀ အထက်ရှိသူများဖြစ်ကြပြီး အချို့သည် လုပ်သက် ၃၀ ကျော်များလည်း ပါဝင်ကြသည့်အပြင် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက် ခဲ့ကြသူများလည်းဖြစ်ကြပါကြောင်း၊ ယင်းပုဂ္ဂိုလ်များသည် ယခင်အစိုးရလက်ထက်နှင့် ယခုအစိုးရသစ် လက်ထက်တွင် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း၊ ကျေးရွာများသို့ လျှပ်စစ် မီးအားလိုင်းများ တိုးချဲ့တပ်ဆင်သွယ်တန်းသည့် လုပ်ငန်းများကို ကြိုးစား ဆောင်ရွက်ခဲ့ကြသူများ ဖြစ်ကြခြင်း၊ မြို့နယ်နှင့်မြို့နယ်ခွဲများ၏ လျှပ်စစ်ပေးရေးနှင့် သက်ဆိုင်သော စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် တစ်မြို့လုံးမီတာခ ကောက်ခံရေးစသည့် ငွေရေး ကြေးရေးကိစ္စများကိုလည်း စနစ်တကျ ဆောင်ရွက်ခဲ့ကြသူများ ဖြစ်ကြခြင်းကြောင့် ၎င်းတို့၏လုပ်သက် ၂၀ ကျော်အတွင်း ရာထူး တိုးမြှင့်ပေးခြင်းကို တစ်ကြိမ်တစ်ခါမျှ ခံစားလိုကြပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ အထက်ဖော်ပြပါဌာနတွင်း ရာထူးတိုး လူတွေ့စစ်ဆေးမှုကို ဖြေဆိုထားသူများအနက် အရည်အချင်း မီသူများအား ရာထူးတိုးမြှင့် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ် ရှိပါက မည်သည်‌့ အချိန်တွင် ရာထူးတိုးမြှင့်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။