(ဆ)-မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယနေ့ကောက် ယူနေသောလျှပ်စစ်မီတာခကိုသင့်တင့်မျှတသော ဈေးနှုန်းသို့ ပြောင်းလဲသတ်မှတ်ရန် အစီအစဉ်ရှိ/ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-06-26

မေးခွန်း အကြောင်းအရာ 

u ohn khinနိုင်ငံတစ်နိုင်ငံ၏ ဆင်းရဲခြင်းများကို လေ့လာကြည့်သည့်အခါ စိတ်ဉာဏ်ပညာနိမ်‌့ပါးခြင်း၊ အုပ်ချုပ်သူနှင့် ပြည်သူပြည်သားတို့၏ ကိုယ်ကျင်‌့သီလပြင်ခြင်း၊ အခြေခံအဆောက်အဦ မပြည့်စုံခြင်းတို့ကြောင့် ဖြစ်ရသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် တစ်ဖက်က အခြေခံ အသိပညာများမြင့်မားရန် ကြိုးစားနေရင်း နောက်တစ်ဖက်က အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်နေရပါကြောင်း၊ အခြေခံ လိုအပ်ချက်ဖြစ်သော စွမ်းအင် လုံလောက်မှုကိုလည်း ဖြည့်တင်းရန် လိုလာပါကြောင်း၊ စွမ်းအင်ဆိုရာတွင် ပိုပြီးအဓိကကျသည်မှာ လျှပ်စစ်စွမ်းအင် ဖြစ်ပါကြောင်း၊ လူသားတိုင်းနှင့်လည်း သက်ဆိုင်ပတ်သက်ပါကြောင်း၊ နိုင်ငံတကာကို ကြည့်လိုက်ပါက တစ်ဦးချင်းပျမ်းမျှ လျှပ်စစ်ယူနစ် အများဆုံး သုံးသော နိုင်ငံများသာ ဖွံ့ဖြိုးမှုအမြင့်ဆုံး နိုင်ငံများစာရင်းတွင် တွေ့ရပါကြောင်း၊ နိုင်ငံတကာဈေးနှုန်းတွင် စင်ကာပူ၊ အီတလီ၊ ဂျပန်အစရှိသည့် မဖွံ့ဖြိုးသေးသော နိုင်ငံများတွင် တစ်နေ့လျှင် အမေရိကန်ဒေါ်လာ .၂၁ ဒေါ်လာမှ .၂၂  ဒေါ်လာ၊ .၂၃ ဒေါ်လာအစရှိသဖြင့် ကျသင်‌့သည်ကို တွေ့ရပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် ပျမ်းမျှခြင်း အမေရိကန်ငွေနှင့်တွက်ပါက ဝ.၀၈ ဒေါ်လာမှ ဝ.၁ ဒေါ်လာကျသည် ကိုတွေ့ရပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏  လျှပ်စစ်ဓာတ်အားခကို တစ်ယူနစ်လျှင် ၃၅ ကျပ်နှင့် တွက်မည်ဆိုပါက အမေရိကန်ဒေါ်လာ ဝ.၀၂၅ ဒေါ်လာခန့်သာ ကျသင့်သည်ကို တွေ့ရပါကြောင်း၊

ရောင်းလိုအားများပါက ဝယ်လိုအားဈေးလျော့မည်၊ ဝယ်လိုအားများလျှင် ဈေးကြီးမည်ဟူသော ရောင်းလို အားနှင့် ဝယ်လိုအားဈေးနှုန်းတို့၏ တစ်ခုကိုတစ်ခု မှီခိုနေသော သဘောသဘာဝရှိပါကြောင်း၊ တစ်နည်းအားဖြင့် ဈေးသက်သာပါက များများဝယ်သုံးကြပြီး၊ ဈေးကြီးလျှင် ချွေတာပြီး ဈေးလျော့ပေါ့ပါက သုံးမည်ဆိုသော သဘောဖြစ်ပါကြောင်း၊  သို့သော်မိမိတို့မြန်မာနိုင်ငံတွင် ယခုဖြစ်ပေါ်နေသည်မှာ အချို့ဒေသအများစုတွင် ဈေးအပေါဆုံးက တစ်ယူနစ်လျှင် ၃၅၀ ကျပ်ပေးရပါကြောင်း၊ ‌ဈေးကြီးပါက ၆၅၀ ကျပ်ပေးရပါကြောင်း၊ ၎င်းတို့သည် ပိုက်ဆံပေါများ၍ မဟုတ်နိုင်ပါကြောင်း၊ အလင်းရောင်ရရန် မဖြစ်မနေဝယ်သုံးကြရပါကြောင်း၊

မိမိတို့ တနင်္သာရီတိုင်းဒေသကြီးတွင် ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ အဲယားကွန်းတို့ကို အလကားပေးမည်ဆိုတောင်မှ ဝယ်သုံးသူ ရှားပါးပါကြောင်း၊ အိမ်သုံးမီးများကိုလည်း မီးသုံးအနည်းဆုံးဖြစ်သော ပစ္စည်းများဖြစ်သော LED စက်များကိုသာ တက်နိုင်သလောက် ဝယ်သုံးကြပါကြောင်း၊ မိမိတို့ နိုင်ငံတွင် ရေအားလျှပ်စစ်အစရှိသဖြင့် ထုတ်ယူနိုင်သော နေရာများ များစွာကျန်နေသေးပါကြောင်း၊ ယခု မိမိတို့နိုင်ငံတွင် နှစ်စဉ် တစ်နှစ်လျှင် ဘီလီယံ ၁၀၀၀ ခန့် အရှုံးပေါ်နေသည်ကို သိရှိရပါကြောင်း၊

မိမိတို့ တနင်္သာရီတိုင်းဒေသကြီး၏ မြို့တော်ထားဝယ်တွင် တစ်နေ့လျှင် ၂၁၀ ကျပ်နှင့် ပေးရန် စီစဉ်နေသည်ကို ကြားသိရပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယနေ့ကောက်ယူနေသော လျှပ်စစ်မီတာခကို သင်‌့တင်‌့မျှတသော ဈေးနှုန်းသို့ပြောင်းလဲသတ်မှတ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။