(ဇ)-ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်အချို့၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် ဓာတ်အားခ ကောက်ခံခြင်း လုပ်ငန်းများကို ကန်ထရိုက်စနစ် ဖြင့်ပုဂ္ဂလိကသို့ ငှားရမ်းဝန်ဆောင်မှုပေးနေခြင်း အား ပွင့်လင်းမြင်သာမှုရှိစွာ ချပြနိုင်ခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွ
မေးခွန်း အကြောင်းအရာ
ရန်ကုန်မြို့သည် လူဦးရေ ၅.၁ သန်းကျော်ရှိပြီး နိုင်ငံ့လူဦးရေစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းနီးပါး မှီတင်းနေထိုင်သည့် မြို့တစ်မြို့လည်း ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏသည် ၉၀၀ မဂ္ဂါဝပ်ရှိပြီး တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏမှာ ၆၀ ရာခိုင်နှုန်းခန့် ဖြစ်သည်ဟု ၂၀၁၃ ခုနှစ် စာရင်းဇယားများအရ သိရှိရပါကြောင်း၊ ရန်ကုန်မြို့သည် ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဘဝများအတွက် အချက်အချာကျသည့် မြို့တစ်မြို့လည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့နေလူဦးရေ သိပ်သည်းဆသည် တိုးတက်လျက်ရှိနေသည့်အတွက် လူနေမှုပုံစံများ ပြောင်းလဲလာခြင်းနှင့်အမျှ မြို့နေလူထု၏ လျှပ်စစ်မီးရရှိမှုအပေါ်မှီခိုမှုမှာ များပြားလာခြင်း ဖြစ်ပါကြောင်း၊ လျှပ်စစ်မီးလိုအပ်ချက်သည် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများအတွက် အရေးကြီးသည့် အခြေခံလိုအပ်ချက် ဖြစ်သကဲ့သို့ သာမန်ပြည်သူများ၏ နေ့စဉ်လူမှုဘဝအတွက်လည်း အခြေခံလိုအပ်ချက် ဖြစ်နေပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်မီးပြတ်တောက်သည့် အခါတိုင်း စောဒကတတ်ခံရသည်မှာ သက်ဆိုင်ရာမြို့နယ်က လျှပ်စစ်ရုံးများ၊ တာဝန်ရှိသူများ၊ နောက်ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့နေရသည့် လွှတ်တော်ကိုယ်စားလှယ်များပင်ဖြစ်ပါကြောင်း၊ ၎င်း လျှပ်စစ်မီတာခကို မှန်မှန်ပေးဆောင်ရခြင်း ဖြစ်သည့်အတွက် လျှပ်စစ်မီးကို မှန်မှန်မသုံးစွဲရသည့်အပေါ် စောဒကတတ်ကြခြင်းသည်လည်း သဘာဝကျပါကြောင်း၊ သို့သော်လည်း မိမိတို့မြို့နယ်အပါအဝင် တခြားမြို့နယ်များတွင်လည်း လျှပ်စစ်ဓာတ်အားခ ကောက်ခံမှုနှင့်ပတ်သက်ပြီး ပုဂ္ဂလိကကုမ္ပဏီများကို ငှားရမ်းဝင်ဆောင်မှု ပေးနေရသည်ဆိုသည်မှာ သိရှိသူနည်းလှပါကြောင်း၊ ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း၊ လျှပ်စစ်မီတာခကောက်ခံခြင်းများနှင့် ပတ်သက်ပြီး ပုဂ္ဂလိကကုမ္ပဏီများ ချုပ်ဆိုထားသည့် သဘောတူ စာချုပ်များနှင့် ပတ်သက်ပြီး သိရှိလိုခြင်းဖြစ်ပါကြောင်း၊ ၎င်း ပုဂ္ဂလိကကုမ္ပဏီများ၊ YESB နှင့် ချုပ်ဆိုထားသည့် စာချုပ်များမှာ နိုင်ငံတော်က မည်မျှအကျိုးအမြတ်ရရှိပြီး မည်ကဲ့သို့တာဝန်ယူမှု၊ တာဝန်ခံမှုများကို ထည့်သွင်းထားပါသနည်း၊ ထို့အတူ ကုမ္ပဏီဘက်က မည်ကဲ့သို့တာဝန်ယူမှု၊ တာဝန်ခံမှုများရှိမည်ဆိုသည်ကို ထည့်သွင်းထားခြင်းမျိုး ရှိပါသနည်းစသဖြင့် ပွင့်လင်းမြင်သာစွာ သိမှသာလျှင် ပြည်သူလူထု၏ ငြုငြင်မှုကို လျှော့ချနိုင်ပြီး ယုံကြည်မှု၊ နားလည်မှုကို တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း၊
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကင်းမြို့နယ်အပါအဝင် မြို့နယ်များရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် လျှပ်စစ်ဓာတ်အားခကောက်ခံခြင်း လုပ်ငန်းများကို ကန်ထရိုက်စနစ်ဖြင့် ပုဂ္ဂလိကသို့ ငှားရမ်းဝန်ဆောင်မှု ပေးနေခြင်းနှင့်ပတ်သက်ပြီး ကန်ထရိုက်စာချုပ်ပါအချက်အလက်များကို ပွင့်လင်းမြင်သာမှုရှိစွာ ချပြနိုင်ခြင်းရှိ/မရှိ၊ ရှိပါကမည်ကဲ့သို့ ပြည်သူလူထုသိအောင် ဆောင်ရွက်မည်နည်းနှင့် မရှိပါကအဘယ့်ကြောင့်နည်း ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။