(ခ)-နှစ်တစ်ရာ သက်တမ်းရှိ ရှေးဟောင်း ဘုရား ဆင်းတုတော်များ၏ စာရင်းကို ကျွမ်းကျင်ပညာရှင် များနှင့် ညှိနှိုင်းပြီး စာရင်းကောက်ယူထားခြင်း ရှိ/ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-06-27

မေးခွန်း အကြောင်းအရာ 

u min theinမြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့ကြီး၊ ရွာကြီးများနှင့် သာသနာ့နယ်မြေ၊ ဘုန်းကြီးကျောင်းများတွင် လက်ရှိ ပြဋ္ဌာန်းထားသော ရှေးဟောင်းဝတ္တုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ နှစ် ၁၀၀ သက်တမ်းရှိ ရှေးဟောင်းဆင်းတုတော်ဟု သတ်မှတ်ထားသည့် ဆင်းတုများရှိနေကြပါကြောင်း၊ နိုင်ငံခြားတိုင်းပြည်များက ယခုလိုရှေးဟောင်း ဆင်းတုတော်များကို ဈေးကောင်းကောင်းနှင့် ဝယ်ယူခဲ့ကြရသည့် အတွက်ကြောင့် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွန်ခဲ့သည့် နှစ် ၃၀ ခန့်ကစပြီး ဘုရားခိုးဂိုဏ်းများက ဘုရားဆင်းတုတော်များကို ခိုးယူပြီး နယ်စပ်မှတစ်ဆင့် နိုင်ငံခြားတိုင်းပြည်များသို့ ရောင်းချခဲ့ကြခြင်းကြောင့် ခိုးစရာရှေးဟောင်းဘုရားများ မကျန်အောင်ဖြစ်နေပါကြောင်း၊ ခိုးယူခံထားရသည့် ဘုရားဆင်းတုတော်များကို နိုင်ငံတကာရှိ ပြတိုက်များအနေဖြင့် တရားမဝင်နည်းလမ်းနှင့် ရယူခဲ့သည့် ရှေးဟောင်းဆင်းတုတော်များကို ပြသခြင်းမပြုရန် နိုင်ငံတကာဥပဒေများအရ ခွင့်ပြုမထားပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံက ပြည်ပကိုရောက်ရှိသွားသော ရှေးဟောင်းဘုရားဆင်းတုတော်များသည် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ချမ်းသာကြွယ်ဝချမ်းသာသည့် သူဌေးများ၏ နေအိမ်များတွင် အလှဆင်ပစ္စည်းများအဖြစ် လှေခါးထိပ်များ၊ ခန်းမများ၊ နံရံများတွင်  အသုံးချခံနေရခြင်းကို နိုင်ငံတကာရုပ်ရှင်နှင့် ဗီဒီယိုများတွင် တွေ့မြင်နိုင်ပါကြောင်း၊ မိမိတို့ မြန်မာလူမျိုးအများစု ကိုးကွယ်နေသော ဗုဒ္ဓဘာသာ၏ ဂုဏ်သိက္ခာကို များစွာကျဆင်းစေပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် မြေတူးမြို့ဟောင်းက ရှေးဟောင်းဘုရားဆင်းတုတော်များ အခိုးခံခဲ့ရပါကြောင်း ၂၂-၁-၂၀၁၇ ရက်နေ့ထုတ် The Voice သတင်းဂျာနယ်တွင် ဖော်ပြပါရှိခဲ့ပါကြောင်း၊ သို့သော်လည်း ရှေးဟောင်းဘုရား ဆင်းတုတော်များကို ကြည်ညိုစိတ်ဖြင့် ဝယ်ယူစုဆောင်းထားသည့် မြန်မာနိုင်ငံတွင် ရေသန့်စက်ရုံ တည်ထောင်ထားသည့် ဂျပန်လူမျိုး မစ္စတာကူမာလိုသည် ဝယ်ယူစုဆောင်းထားသည့် ရှေးဟောင်းဘုရား ဆင်းတုတော် ၃၀၁ ဆူကို မှော်ဘီမြို့နယ်၊ ရေပြာကျေးရွာ အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာဆရာတော်ထံ ၂၀၁၂ ခုနှစ်က လှူဒါန်းခဲ့ကြောင်း အံ့သြဖွယ်၊ ကြည်နူးဖွယ်သတင်းတစ်ပုဒ်ကိုလည်း ဖတ်ရှုရပါကြောင်း၊ ဆိုလိုသည်မှာ မိမိတို့မြန်မာလူမျိုးများသည် ရှေးဟောင်းပစ္စည်းများကို ထိန်းသိမ်းရမှန်းမသိပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနကို မေးမြန်းလိုသည်မှာ မြန်မာနိုင်ငံအတွင်း နှစ် ၁၀၀ သက်တမ်းရှိ ရှေးဟောင်း ဘုရားဆင်းတုတော်များကို စာရင်းကောက်ယူထားခြင်းရှိ/မရှိ၊ အကယ်၍ စာရင်းကောက်ထားပြီးပြီ ဆိုပါကလည်း ထိုဘုရားဆင်းတုတော်များကို ဘုရားခိုးဂိုဏ်းများ၏ ဘေးအန္တရာယ်မှ ကာကွယ်ရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားပါသနည်း ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။