(ဂ)-သံဖြူဇရပ်မြို့နယ်ရှိ ဝါခရူ မြို့ဟောင်းကို မူလ အကျယ်(၆၅)ဧကအတိုင်း ယဉ်ကျေးမှုဝန်ကြီးဌာန သို့မဟုတ် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန ၏ ထိန်းသိမ်း စောင့်ရှောက်ခံအဖြစ် ဆောင်ရွက် ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
၂၈-၁၂-၂၀၁၄ ရက်နေ့တွင် သံဖြူဇရပ်မြို့ အ.ထ.က(၂) ကျောင်းခန်းမကြီး၌ ဝါခရူမြို့တော်ဟောင်းနှင့် ပတ်သက်ပြီး စာတမ်းဖတ်ပွဲတစ်ခုကျင်းပခဲ့ပါကြောင်း၊ မော်လမြိုင်တက္ကသိုလ်၏ သမိုင်းဌာနအပါအဝင် ဌာနပေါင်းလေးခုမှ ပါမောက္ခပညာရှင်များက စာတမ်းရှစ်စောင်တင်သွင်းခဲ့ပါကြောင်း၊ စာတမ်းများ အရ ဝါခရူမြို့တော်ဟောင်းသည် သံဖြူဇရပ်မြို့အနီး၂ မိုင်အကွာ မြောက်လတ္တီကျူ့ ၁၅ ဒီဂရီ ၅၉ မိနစ်၊ အရှေ့လောင်တ္တီကျူ့ ၉၇ ဒီဂရီ ၄၂ မိနစ်တွင် မြို့ရိုးကျုံးအင်္ဂါအရှိန်အဝါဖြင့် တည်ရှိပြီး ကျိုက္ခမီ ကဇက်ကြီးများ၏ မှတ်တမ်းအရ မာဂဒူးမင်းက အေဒီ ၅ ရာစုတွင် တည်ဆောက်ခဲ့ပြီး မုတ္တမ ၃၂ မြို့ စစ်တမ်းအရ ခရစ်နှစ် ၁၂၈၇ ခုနှစ်တွင် တည်ဆောက်ခဲ့ပါကြောင်း၊ အနှစ် ၈၀၀ ခန့် ကွာဟသော်လည်း ကျောက်ဆောင်ဝန်သော်စိန်ခူ၏ ရာမညဒေသခရီးစဉ်မှတ်တမ်း၊ ဗဒုံမင်းဘိုးတော်ဘုရား လက်ထက် စစ်တမ်းများအရ ရှေ့ဟောင်းမွန်မြို့တော်တစ်ခုဆိုသည်ကို အငြင်းပွားဖွယ်မရှိပါကြောင်း၊ မှန်ဂူခွက် ပုံရှေးဟောင်းမြို့တော်ကြီးကို မိမိတို့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ခြောက်ခုသာရှိပြီး ဝါခရူမြို့ဟောင်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ မူရင်း အကျယ် ၆၅ ဧကရှိပြီး ယခုအခါ စားကျက်မြေအဖြစ်ရှိနေပါကြောင်း၊ သို့သော် ဝိသမလောဘသမားများက မြို့ရိုးပေါ်အထိ ကျုးကျော်ပြီး ရော်ဘာခြံများစိုက်လာခြင်း၊ သစ်တောဦးစီးက မြို့ဟောင်းမြေအတွင်း ယူကလစ်စိုက်ခင်းများကို စိုက်လာခြင်းတို့ကို တွေ့ရပါကြောင်း၊ ထို့အပြင် ပထမအကြိမ် လွှတ်တော်ပြည်နယ်အစိုးရက ၂ ဧကကို ပြတိုက် ပြုလုပ်ပြီး ကျန်သည်ကို အရောင်းခန်း၊ ပြခန်း၊ ဆိုင်ခန်းစသည်တို့ပြုလုပ်မည်ဟု ကြားသိရပါကြောင်း၊ မိမိတို့ ကျန်မြေကို ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်မည်ဟု ကြားသိရသည့်အတွက် ဒေသခံများနှင့် မွန်တိုင်းရင်းသားများအနေဖြင့် မြို့တော်ဟောင်းကြီးတဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားမည်ကို အလွန် စိုးရိမ်ကြောင့်ကြလျက်ရှိပါကြောင်း၊ ရှေးဟောင်းမြို့သည် မိမိတို့မည်သည့်ဟိုတယ်၊ စက်ရုံ၊ ဈေးဆိုင်များကိုမျှ မမြင်လိုပါကြောင်း၊ ရှေးဟောင်း ဗိသုကာယဉ်ကျေးမှုအမွေအနှစ်အဖြစ်သာလျှင် အမြတ်တနိုးတန်ဖိုးထားပြီး အဓွန့်ရှည်စေရန် စောင့်ရှောက် လို ပါ ကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ယခုနှစ် မွန်အမျိုးသားနေ့အကြို ညစာစားပွဲအခမ်းအနားတွင် လူတစ်ဦးချင်းအတွက်သာမက အမျိုးသားတစ်ရပ်လုံးအတွက်ပါ An munity ဟူသည် လိုအပ်သည်ဟု ပြောကြားခဲ့ ပါကြောင်း၊ ထို့ကြောင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ မွန်တိုင်းရင်းသားတို့၏ အမွေအနှစ် တစ်ခုဖြစ်သော ဝါခရူမြို့ဟောင်းကို ပြည်ထောင်စုဝန်ကြီးဌာန သို့မဟုတ် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ထိန်းသိမ်းစောင့်ရှောက်ခံအဖြစ် ထားရှိလိုပါကြောင်း၊ မိမိတို့ မြို့ဟောင်း၏အဝင်ဝသည် ဂဝံအုတ်ကြီးများ ၃ ပေ၊ ၂ ပေခန့် ကြီးမားပါကြောင်း၊ မြို့ရိုး ၆၅ အိမ်က ထုထည်ကြီးကြီးမားမားနှင့် တည်ဆောက်ရန်အတွက်ဆိုသည်မှာ တစ်ခေတ်တစ်ခါက အလွန်လူနေစည်ကားပြီး ဗိသုကာလက်ရာလည်း အလွန်မြောက်သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ မြို့ရိုးအမြင့်ဆုံးနေရာသည် ပေ ၄၀ ခန့်ထိ မြင့်ပါကြောင်း၊ တစ်ချို့နေရာတွင် မြို့ရိုးပေါ်ထိ ကျူးကျော်၍ စိုက်ပျိုးထားသော ရော်ဘာခြံရှိပါကြောင်း၊ မိမိတို့အစိုးရသစ်တောဌာနက ကျူးကျော်စိုက်ထားသော ယူကလစ်စိုက်ခင်းလည်းရှိပါကြောင်း၊ ကျုံးကိုလေ့လာကြည့်ပါက ကျိုက္ခမီပင်လယ်နှင့်ဆက်နေသည့်အတွက် ရှေးခေတ်၏ စီးပွားရေးအမြင်လည်း အလွန်မြင့်မားပါကြောင်း၊ မွန်တိုင်းရင်းသားတို့အတွက် ထိန်းသိမ်းစောင့်ရှောက်သင့်သည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ကိုးဌာနတစ်ခုအပါအဝင်ဖြစ်သော ဝါခရူမြို့ဟောင်းကို မူလအကျယ် ၆၅ ဧကအတိုင်း အဓွန့်ရှည်ရန်အလို့ငှာ ပြည်ထောင်စုအဆင့် ထိန်းသိမ်းစောင့်ရှောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။