(င)-သံတွဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာသားများထံမှ ၂၀၀၀ ပြည့်နှစ်က သိမ်းယူခဲ့သည့် အိမ်ရာမြေနှင့် ဥယျာဉ်မြေ (၃၅.၅၃) ဧကအတွက် ခေတ်ကာလ နှင့် လျော်ညီသော နစ်နာကြေးပေးရန် နှင့်စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ဇီးဖြူကုန်းကျေးရွာနေ မိသားစု ၆၆ ဦးထံက ကျေးရွာမြေ ၃၅.၅၃ ဧကကို သံတွဲမြို့ ခ.လ.ရ (၅၅) အတွက် အသုံးပြုရန် ၂၀၀၀ ပြည့်နှစ် ဇူလိုင်လအတွင်းက သိမ်းယူခဲ့ပါ ကြောင်း၊ မြေတစ်ဧကအတွက် လျော်ကြေးတစ်သိန်းပေးခြင်းအပေါ် မကျေနပ်ကြသောကြောင့် ၎င်း မြေကိစ္စကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းအတွင်းတွင်လည်း စုံစမ်းစစ်ဆေးမှုများ၊ အစီရင်ခံစာတင်သွင်းမှုများ ရှိခဲ့ပါကြောင်း၊ မိမိကိုယ်တိုင်လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် တစ်ဦး အနေဖြင့် ထိုဒေသကို ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း၊ သို့သော် အဖြေမထွက်ဘဲ နစ်နာသူများက ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများကို အစဉ်အမြဲ တင်ပြပြောဆိုနေကြခြင်းများ ရှိပါကြောင်း၊
၂၃-၅-၂၀၁၆ ရက်နေ့တွင် ဇီးဖြူကုန်းကျေးရွာက မြေသိမ်းခံရသည့် ဦးကျော်မြင့်အပါအဝင် ၁၄ ဦးက ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီထံသို့ တိုင်စာ တစ်ဆောင်ပေးပို့ခဲ့ပါကြောင်း၊ ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် သက်တမ်းအတွင်း ပြည် ထောင်စု လွှတ်တော်ကော်မရှင်၏ အစီရင်ခံစာအပိုင်း (၄) တွင် ဖော်ပြထားသည်မှာ သံတွဲမြို့နယ်ရှိ အခင်းဖြစ်ပွားသည့်မြေ ၃၅.၅၃ ဧကကို ခ.လ.ရ (၅၅) တပ်မြေအဖြစ် အကြောင်းပြ သိမ်းဆည်းခဲ့ သော်လည်း စုံစမ်းစစ်ဆေးသည့် အချိန်တွင် ဟိုတယ်လုပ်ငန်းရှင်များကို လွှဲပြောင်းထားခြင်း၊ ရည်ရွယ်ချက်အတိုင်း အသုံးမပြုဘဲ ဟိုတယ်များ ဆောက်လုပ်နေသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် ပိုင်ရှင်များကို ပြန်လည်ပေးနိုင်သည့် အခြေအနေမရှိခြင်းကြောင့် ခေတ်ကာလနှင့် လျော်ညီသည့် လျော်ကြေး၊ နစ်နာကြေးများကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်ဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်းစီစဉ်ပေးသင့်သည်ဟု အကြံပြုခဲ့ပါကြောင်း၊ ယနေ့ ဖော်ပြပါမြေ ၃၅.၅၃ ဧကပေါ်တွင် ဆောက်လုပ်ထားသည့် ဟိုတယ်ကြီးနှစ်လုံး၊ ၎င်းဟိုတယ်ကြီးများကို တပ်မတော်တပ်ထောက်ဌာနှင့် ဟိုတယ်လုပ်ငန်းရှင်များ ငှားရမ်းပြုလုပ်ပြီး ဆောက်လုပ်ထားသည့် ဟိုတယ်ကြီးများဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒေသခံမြေပိုင်ရှင်များ နစ်နာဆုံးရှုံးမှုမရှိစေရန် နိုင်ငံတော်အစိုးရက မည်ကဲ့သို့ အစီအစဉ် များချမှတ်ပြီး ကူညီပေးနိုင်မည်နည်းနှင့် ထိုက်သင့်သည့် လျာ်ကြေးများကို မည်ကဲ့သို့ ကူညီ ဖြေရှင်းပေးမည်နည်းဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။